Home သတင်း ဂျိုင်းတံတားဖွင့်ပွဲလာရောက်သည့်စောမြင့်ဦးနှင့်အဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်သားနှင့်အရပ် သားထိခိုက်မှုရှိ

ဂျိုင်းတံတားဖွင့်ပွဲလာရောက်သည့်စောမြင့်ဦးနှင့်အဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်သားနှင့်အရပ် သားထိခိုက်မှုရှိ

230
Photo -SAC

မတ်လ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနှင့်အဖွဲ့ တက်ရောက်သည့် ဖားအံနှင့် ကော့ကရိတ်မြို့တို့ကို ဆက်သွယ်ထားသော ဂျိုင်း(ကော့ကရိတ်) တံတားသစ်ဖွင့် လှစ်သည့်အခမ်းအနားကို မတ်လ (၉)ရက်နေ့က ပြုလုပ်ခဲ့ရာ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်သားနှင့်အရပ်သား ထိခိုက်မှုရှိခဲ့ကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်မတော်-MLA ၏ ယမန်နေ့က ထုတ်ပြန်ပြောသည်။

MLA လက်အောက်ခံ Spring UAV Force – G3 Fixed-Wing ဒရုန်းအဖွဲ့မှ ၉ ရက်နေ့မနက်(၅)နာရီ နှင့် (၈) နာရီဝန်းကျင်တွင် ဒရုန်းသုံးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃)ဦး သေဆုံး၊ (၅)ဦးထက်မနည်း ထိခိုက်၍ အရပ်သားပြည်သူ(၁)ဦးပါ ဒဏ်ရာရရှိခဲ့ပြီး စောမြင့်ဦးတို့အဖွဲ့လည်း အလျင်အမြန်ထွက်ခွာသွားရသည်ဟု ထုတ်ပြန်ချက်ကဖော်ပြသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ နှင့် ဗျူဟာကုန်းတို့တွင် တပ်ဆင်ထားသော ဂျန်ပါပစ္စည်းများကြောင့် ဖွင့်ပွဲနေရာသို့ကြဲချသည့် ဒရုန်းဗုံးသီးလွှင့်စင်သဖြင့် တံတားဟောင်း အောက်ဘက် မူလတန်းကျောင်းနေရာအနီး စျေးရောင်းသူအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

အမည်မဖော်လိုသူ ရပ်ရွာအုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးကမူ “အဲဒီဂျပန် တံတား ဖွင့်တဲ့ နေ့က ဂျိုင်းမူကြို ကျောင်းဘက်ကို ဒရုန်းကျတာ ၂ လုံး၊ ရွာသား ၆ ယောက် အစမှန်တယ်၊ သိပ်အဆိုးကြီး တော့မဟုတ် ပါဘူး၊ ကျုံဒိုး ဆေးရုံ မှာ ဆေးထည့်တယ်၊ နောက်တစ်လုံး က ဂျပန် ဆိုက်ထဲကျတယ် လူမထိဘူး၊ ဂျိုင်းရွာ ထဲမှာရယ်။ သရက်တော ရွာကျောင်းဘက်ရယ်မှာ တော့ စစ်တပ်က လူ ၂၀ လောက် ကင်းပုန်းလာဝပ်နေတယ်” ဟု ကေအိုင်စီကို ပြောသည်။

ပြည်သူထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်စဥ်အပေါ် ထုတ်ပြန်ချက်နှင့်ကွဲလွဲသဖြင့် ကရင်သတင်းဌာန-ကေအိုင်စီမှ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့အပါအဝင် မွန်တပ် MLA နှင့်ဆက်သွယ်၍ အတည်ပြု ချက်ရယူရာ MLA အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ယခုလို‌တုံ့ပြန်ပြောသည်။

Photo -SAC

“ပြည်သူတစ်ဦး သာထိခိုက်သွားပါတယ်။ ဒီအတွက်လည်းအများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ နောက်ထပ် ထိခိုက်သေဆုံးမှုရှိတာက တံတား ပေါ်က စစ်သားတွေပါ။” ဟု ၎င်းက ဆိုသည်။

တဆက်တည်းမှာပင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ပွဲလမ်းသဘင်၊ အခမ်းအနားရှိရာအရပ် များသို့ နီးကပ်စွာနေခြင်းမှရှောင်ကြည်ရန်လည်း MLA က အသိပေးသည်။

အရှေ့နှင့်အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းမှ ထိုင်း၊ လာအိုနှင့်ဗီယက်နမ်အထိ ပေါက်ရောက်သည့် ကုန်စည်စီးဆင်းမှု ပဏာမကျသည့် အဆိုပါဂျိုင်းတံတားသစ်ကို ဂျပန်နည်းပညာဖြင့် ဂျပန်ငွေ ယမ်း ၆ ဘီလီယံကျော် အကုန် အကျခံဆောက်လုပ်ထားရခြင်းဖြစ်ပြီး တံတားအရှည် ပေပေါင်း ၂၀၀၀ နီးပါးရှိကြောင်း စစ်ကောင်စီလက်အောက်ရှိ လမ်းတံတားဦးစီးဌာနက ဆိုသည်။

ထို့ကြောင့် အချက်အချာကျသည့်တံတားဖွင့်လှစ်ရာနေရာသို့ စစ်ကောင်စီလက်အောက် ကရင်ပြည် နယ်ဝန်ကြီးချုပ် စောမြင့်ဦးအပြင် ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ တရားရေးနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးတို့လည်း ဖဲကြိုးဖြတ်ရန် တက်ရောက်လာကြသည်ဟုလည်း သိ
ရသည်။