Home သတင်း ကျားဖြန့်/လူမှောင်ခို အဓိကပုဂ္ဂိုလ် ဂျပန်နိုင်ငံသားတစ်ဦးကို လွှဲပြောင်းမည်

ကျားဖြန့်/လူမှောင်ခို အဓိကပုဂ္ဂိုလ် ဂျပန်နိုင်ငံသားတစ်ဦးကို လွှဲပြောင်းမည်

237

မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသတွင် ထိန်းသိမ်းထားသည့် အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်း ကျားဖြန့်/ လူမှောင်ခို လုပ်ငန်းများ၏ အဓိကတာဝန်ရှိသူတစ်ဦးဖြစ်သည့် အသက် (၃၇)နှစ်အရွယ် ဂျပန်နိုင်ငံသားအား မတ်လ (၁၈) ရက်၊ နံနက်ဖြန်တွင် ထိုင်းအာဏာပိုင်များသို့ လွှဲပြောင်းပေး တော့မည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ်-BGF ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က စတင်ကာ BGF အနေဖြင့် အထူးအဖွဲ့ဖွဲ့၍ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကို ဒေသ၌ ကျားဖြန့်ရှင်းလင်းရေး လုပ်ဆောင်ခဲ့သည့်အတောအတွင်း ကျားဖြန့်လုပ်ငန်း၏အဓိကပုဂ္ဂိုလ် (၆)ဦးအား ဖော်ထုတ်ရမိခဲ့ပြီး လက်ဝယ်ထိန်းသိမ်းထားခြင်းဖြစ်သည်။

ထိုပုဂ္ဂိုလ်များအား လူကုန်ကူး၊ စေခိုင်းခြင်းခံရသည့် အခြားနိုင်ငံသားများနှင့်မတူဘဲ တရားခံ အပ်နှံ သည့်ပုံစံဖြင့် ထိုင်းအာဏာပိုင်များသို့ စနစ်တကျလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း BGF ဘက်က ပြောဆိုထားပြီး နံနက်ဖြန်တွင် ထို ၆ ဦးအနက် ဂျပန်နိုင်ငံသားတစ်ဦးကို ကနဦး လွှဲပြောင်း ပေးတော့မည်ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

“မနက်ဖြန် ဂျပန်က တစ်ယောက်ပြန်မယ်။ သူ့ကျတော့တရားခံလိုပဲလွှဲပြောင်းရမှာပေါ့။ သူ့ပုံစံက ဒီတိုင်းကြည့်ရင် အေးအေးဆေးဆေးပဲ။ ဒါပေမဲ့ သူ့နိုင်ငံမှာ အမှုလေးခုရှိတယ်လို့ သိရတယ်။ မနက်ဖြန်မှာသူတစ်ယောက်ရယ်၊ အင်ဒိုနီးရှားနိုင်ငံသား ၁၆၄ ယောက်ရယ်၊ ဘင်္ဂလားဒေ့ရှ်က ၁၉ ယောက်ရယ် ပြန်ပို့မယ်၊ အဲဒီလိုလျာထားတယ်။” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

BGF က အထူးအဖွဲ့စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ရက်ခြားဆိုသလို ကျားဖြန့်ရှင်းလင်းရေး လုပ် ဆောင်ကာ နိုင်ငံပေါင်း ၃၀ မှ ရွှေကုက္ကိုသို့လူကုန်ကူးခံရသည့်နိုင်ငံသား ၇ ထောင်ကျော်ကို ဖော် ထုတ်ရမိခဲ့ပြီးဖြစ်သည်။

၎င်းတို့အနက် ၄ ထောင်ကျော်အား ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင် ပေးခဲ့သော်လည်း ကျန်လူများကိုပြန်မအပ်မီ မိမိနယ်မြေအတွင်း နေရာချထားပေးရန် အခက်အခဲရှိသောကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစပြီး ကျားဖြန့်ရှင်းလင်းရေး ယာယီရပ် ဆိုင်းထားရကြောင်း BGF ဘက်က ပြောပြချက်အရ သိရသည်။

ထိုင်းနိုင်ငံဘက်သို့ လူလွှဲပြောင်းအပ်နှံခြင်းကိုမူ BGF က ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်ခဲ့ပြီး ယနေ့ တွင်လည်း အင်ဒိုနီးရှားနှင့်သီရီလင်္ကာနိုင်ငံတို့မှ စုစုပေါင်း ၄၁၄ ဦးအား မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှတဆင့် တဖက်သို့လွှဲပြောင်းပေးခဲ့သည်။