ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့်နှစ်ဖက် ရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။
အဆိုပါ မြို့နယ်အတွင်း ဖေဖော်ဝါရီ ၉ ရက်နေ့မှ စ၍ အင်အား ၂၀၀ ဦးခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့်် ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ ရက်ရှည် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ပြောသည်။
သရက်ချောင်းတွင် စစ်ကောင်စီနှင့် ဖြစ်ပွားသည့် တိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထားဝယ်ခရိုင် တပ်ပေါင်းစုအဖွဲ့များဖြစ်သည့် သရက်ချောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ၊ သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်လူငယ်လက်ရုံးတပ်၊ ထားဝယ်နဂါးတပ်ခွဲ -၂ ၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့၊ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း-T1 ၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း-T5 နှင့် ဒရုန်းဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများအပြင် MA-1 သေနတ် ၂ လက်၊ G-3 သေနတ် ၁ လက် ၊ RPG ၁ လက် နှင့် အခြားစစ်သုံးပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။
ယခုလို ဖြစ်ပွားလျက်ရှိနေသည့်နှစ်ဖက်တိုက်ပွဲအတွင်း သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံများ အနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိနေရပ်မပြန်ရဲသေးကြောင်း စစ်ဘေးရှောင် ကူညီ နေသူများ၏ ပြောဆိုချက်များအရ သိရသည်။



















