
ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်/တပ်မဟာ(၁) ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာရှိ မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး နှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၂၉)ဦးသေဆုံးခဲ့ရကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ကြီး လက်နက်ငယ် (၄၂) လက်ခန့် သိမ်းဆည်းရမိခဲ့ဟု ကေအဲန်ယူက ယနေ့ ညနေတွင် ထုတ်ပြန်လိုက်သည်။
ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ (၂)မှူး ဗိုလ်မှူးကြီး သက်လွင်ဦးနှင့် အမှတ် (၄၀၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး ဦးစီးသော မဲပလီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ယခုလ ဇန်နဝါရီလ (၁)နေ့မှ စတင်တိုက်ခိုက်ပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့၊ နေ့လည် (၁၁း၄၂) နာရီအချိန်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး တစ်ဦးနှင့် ဗိုလ်ကြီး တစ်ဦးအပါအဝင် (၂၉)ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီး တစ်ဦး၊ တပ်ခွဲတပ်ကြပ်ကြီး တစ် ဦး၊ တပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် ငါးဦး၊ ဒုတပ်ကြပ် လေးဦးနှင့်တပ်သား (၁၄) ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းများအနက် ဒဏ်ရာရရှိသူ (၁၃) ဦးပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း (၄၂) လက်နှင့် လက်နက်ကြီး ကျည် (၁၃၃)လုံး၊ လက်နက်ငယ်ကျည်ဆံ (၁၇၂၆၄)ထောင့်အပြင် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း (၃) ဦး ကျဆုံးပြီး (၃၃) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်လည်း ကေအဲန်ယူက ပြောသည်။
ဆက်လက်၍ အဆိုပါ တပ်စခန်း စတင်တိုက်ခိုက်သည့်အချိန်မှ အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်သည်အထိ စစ်ကောင်စီတပ်မှ လေယာဥ် Jet Fighter ဖြင့် (၃၃) ကြိမ် Y−12 Drock Bowm ဖြင့် (၁)ကြိမ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ အမှတ် (၃) ခြေမြန်တပ်ရင်းမှ ၁၅၅ မမ လက်နက်ကြီး ဖြင့် (၃) ကြိမ် စစ်ကူပစ်ပေးသည့်အပြင် Y−12 ထောက်ပို့ဖြင့် လက်နက်ကျည်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ (၁၂) ကြိမ် လာရောက်ချပေးခဲ့သည်လည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲဖြစ်စဥ်ကာလအတွင်း အရပ်သားပြည်သူများမှ အသက်အန္တရာယ်စိုးရိမ်ကြောက်ရွံ့မှုကြောင့် စခန်းအနီးဝန်းကျင်ရှိ ကျေးရွာ (၁၉) ရွာမှ အိမ်ခြေ (၈၀၄) အိမ် လူဦးရေ (၃၉၈၆)ဦးမှာ အိုးအိမ် စည်းစိမ်ကိုစွန့်ခွါပြီး ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေခဲ့ရသည်လည်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



















