ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ် ၊ ထီးဆီဘောကျေးရွာသို့ ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက် နေသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
ယခုလို စစ်ကောင်စီကဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဘီးလင်းမြို့နယ် ထီးဆီဘောကျေးရွာ ဘုန်းကြီး ကျောင်း ဗုံးမှန်ပျက်စီးသွားသည်ဟု ကနဦးသိရသည်။ အခြားထိခိုက် ပျက်စီးမှုအခြေအနေများကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်နေဆဲ ဖြစ်သည်။
“ဘာမှ မသယ်နိုင်ဘူး၊ ဘေးလွတ်ရာပြေးနေရတယ်။ တစ်ချို့က ဗုံးခိုကျင်းထဲ ဝင်ခိုလှုံနေရတယ်။ ဂျက်လေယာဉ် ဆက်တိုက်လာပြီး ဗုံးကြဲနေတာပါ။ ထီးဆီဘော ဘုန်းကြီးကျောင်းတော့ ဗုံးကြဲချခံရပြီး ရစရာမရှိအောင်ပျက်စီး သွားတယ်” ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲပိုင်းချိန်တွင် ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၂ နာရီ လူအများအိပ်မောကျချိန်၌ စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ၆ ကြိမ်ဗုံးကြဲခဲ့ရာ ဘီးလင်းမြို့နယ်၊ ရွှေလောင်းအင်းအုပ်စု၊ နတ်ကြီးရွာ၊ ရှမ်းစုဘက်ခြမ်းသို့ ဗုံးသီး (၃)လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ထို့အပြင် အစူးချောင်းအုပ်စု၊အစူးချောင်းရွာ၌ ဗုံး ၇ လုံး ကျရောက် ပေါက်ကွဲ ခဲ့သည်။ ယခုလို ဗုံးကြဲခံရ၍ နတ်ကြီးရွာ ရှမ်းစုဘက်ခြမ်းနေ စောဖိုးတရုတ်၊ စောဖားချေ တို့၏ အိမ်(၂) ဗုံးထိမှန် ပျက်စီးခဲ့ပြီး အစူးချောင်းရွာ စာသင်ကျောင်းဆောင် ဗုံးသီးကျ ပျက်စီးသွားသည်ဟု ကေအဲန်ယူ- ဗဟိုက ထုတ်ပြန်ထားသည်။
ယခုလဆန်းပိုင်းအတွင်း ဒူးသထူ ခရိုင်အတွင်းသို့ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းနှင့် ဂျက်တိုက်လေယာဉ် တို့ဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကြဲမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။



















