အတိတ် ပုံရိပ်တို့ ပြန်သက်ဝင်လာသည့် ‘မာနယ်ပလော’
(ဖေဖော်ဝါရီ ၆၊ ၂၀၂၅ ခုနှစ်) ကေအိုင်စီ
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ချိန်က တော်လှန်ရေး ဗဟိုချက်တစ်ခု ဖြစ်ခဲ့ဖူးသည့် မာနယ်ပလော၏ အတိတ် ပုံရိပ်တို့ သမိုင်းတစ်ပတ်လည် ပြန်အသက်ဝင်စပြုလေပြီး။
ဝါရင့် နိုင်ငံရေးနှင့် တော်လှန်ရေးသမားတို့အတွက်မူ မာနယ်ပလော၌ မဟာမိတ်အချင်းချင်း စုစည်းကာ မြန်မာ့အရေး၊ တိုင်းရင်းသားအရေးလှုပ်ရှားခဲ့မှုပုံရိပ်များနှင့် စိမ်းလှမည်မဟုတ်ဟု ဆိုနိုင်သည်။ သို့သော် မျိုးဆက်သစ်တော်လှန်ရေး သမားတို့အတွက်မူ မာနယ်ပလော ခရာကျမှုကို ပြောဆိုမှုများ ကြားဖူးရုံမျှသာ ရှိမည်။
ယခင် မာနယ်ပလော ခေတ်၌ ထိုစဉ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်မြနှင့် မဟာမိတ်တော်လှန်ရေးခေါင်းဆောင်တို့ လက်ချင်းချိတ် မှတ်တမ်းဓါတ်ပုံတို့သည် ၁၉၉၅ ခုနှစ်အစပိုင်း မာနယ်ပလော ကျဆုံးပြီးနောက် သမိုင်းမှတ်တမ်းပုံအဖြစ်သာ ကျန်ခဲ့သည်။
ယခုလို နှစ်ပေါင်း ၃၀ ကျော်ကြာအတွင်း မာနယ်ပလော ဌာနချုပ်ဟောင်းတွင် ပြန်လည်ချနင်းခွင့်ရရန် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ KNDO (ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ၁၉၉၅ ခုနှစ်မှစ၍ မာနယ်ပလောဒေသအတွင်း ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ အရေးပါသော စခန်းကုန်းများကို ပူးပေါင်းတပ်ဖွဲ့များက လပိုင်း အထိ အချိန်ယူတိုက်ခိုက် ရှင်းလင်းခဲ့ရသည်။
နောက်ဆုံးကျန်ရှိသည့် အမှတ် (၃၁၁) အမြောက်တပ်ရင်းနှင့် ပွိုင့်(၉၁၃)ဗျူဟာကုန်းစခန်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က အပြီးတိုင် သိမ်းပိုက်ရှင်းလင်းနိုင်ပြီးနောက် မာနယ် ပလော ဒေသတစ်ခုလုံးကို ကေအဲန်ယူ အနေဖြင့် ဒုတိယ အကြိမ်ပြန်လည်ထိန်းချုပ် ခွင့်ရလိုက်ခြင်းဖြစ်သည်။
သို့သော် သမိုင်းဝင်ဌာနချုပ်ဟောင်းကို ပြန်လည်ရရှိနိုင်သည့် နောက်ဆုံးတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတုန့်ပြန်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦးကို ကေအဲန်ယူ ဘက်က ဆုံးရှုံးခဲ့ရသည်။
ယခု ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို မာနယ်ပလော၌ ပြန်ကျင်းပနိုင်ခဲ့သည်။
အခမ်းအနားကို KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ နှင့် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေတို့၏ ဦးဆောင်စီစဉ်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဌာနချုပ်ဟောင်းနေရာကို ပြန်လည်သိမ်းပိုက်ရရှိခြင်းမှစ၍ ကရင့်တော်လှန်ရေး၏ အောင်မြင်မှု အမှတ်သညာတစ်ခုအနေဖြင့် ပြသလိုသည့် ရည်ရွယ်ချက်များပါဝင်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။
အခမ်းအနားကို KNLA နှင့် KNDO တပ်ပိုင်းခေါင်းဆောင်များ အဓိက တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။ ထို့အပြင် KNLA ၏ မဟာမိတ်တပ်ဖွဲ့ခေါင်းဆောင်များကိုပါ အခမ်းအနားတွင် မြင်တွေ့ခဲ့ရသည်။
အထူးသဖြင့် လက်ရှိ KNLA နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ အာရက္ခတပ်တော်-AA နှင့် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-KPLA တို့၏ ထိပ်ပိုင်း ခေါင်းဆောင်များက ပါဝင်တက်ရောက်လာသည်ကို တွေ့ရသည်။
သမိုင်းဝင် ဌာနချုပ်ဟောင်းတွင် ပြန်လည်ကျင်းပနိုင်သည့် တော်လှန်ရေးနေ့ တိုက်တွန်းအားပေး စကား ပြောရာ၌ KNLA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက မဟာမိတ်တပ်ပေါင်းစု၏ အရေးပါမှုကို ယခုလို ပြောဆိုခဲ့သည်။
“ကျနော်တို့ ဒီစစ်အာဏာရှင်ကို အတူတကွ တိုက်ဖျက်ဖို့ပြောဆိုထားသလို လက်တွေ့လည်း တိုက်ခိုက် နေတယ်။ ဆက်ပြီး အတူတူ တိုက်ခိုက်သွားမယ်။ ဒီနေ့အခမ်းအနားရှေ့မှာ အခြားသော တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက် လာနိုင်တာမျိုးမရှိပေမဲ့လည်း ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းလုပ်ဆောင် နေတာတွေရှိတဲ့အတွက် ဘာမှအားငယ်စရာမလိုဘူး။ တောင်ပိုင်း၊ မြောက်ပိုင်းက တိုင်းရင်းသား တွေအပြင် PDF တွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့အခုအချိန်က အခါအခွင့်ကောင်းပါပဲ” ဟု ၎င်းက အားမာန်အပြည့်ဖြင့် ပြောကြားခဲ့သည်။
ထို့အပြင် မဟာမိတ်တပ်ဖွဲ့ဝင်များနှင့်စုဖွဲ့မှု အားကို ပြသလိုသည့် သဘောဖြင့် အခမ်းအနားအပြီးတွင် KNLA ဒုစစ်ဦးစီးချုပ်က ဦးဆောင်ပြီး KNDO ခေါင်းဆောင်များအပါအဝင် တက်ရောက်လာသည့် AA၊ BPLA၊ KPLA စသည့် မဟာမိတ်ခေါင်းဆောင်များနှင့် လက်ချင်းချိတ်၍ စုပေါင်း ဓါတ်ပုံအရိုက်ခံခဲ့သည်။
ယခင် KNU ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရှိစဉ်အခါက မာနယ်ပလော ဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် ပုံစံအတိုင်း ဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီ တပ်ပေါင်းစုခေါင်းဆောင်များနှင့်လက်ချင်းချိတ်စုပေါင်း ဓါတ်ပုံရိုက်သည့် နည်းဟန်နှင့်တူနေခဲ့သည်။
သမိုင်းဝင် မာနယ်ပလောဌာနချုပ်အကြောင်းကို ကျောင်းသုံးသင်ခန်းစာများတွင်သာ လေ့လာမှတ် သားဖူးပြီး ယခုလို မျက်ဝါးထင်ထင် ပထမဆုံးအကြိမ် မြင်တွေ့ရောက်ရှိလေ့လာခွင့်ရလိုက်သည့် ဗိုလ်ချုပ်ကြီး စောဘိုမြအမှတ်တရ အထက်တန်းကျောင်းမှ ကျောင်းသူ နော်မီမီဆန်းက ၎င်း၏ ရင်တွင်းဖြစ်ပေါ်လာသည့် ခံစားချက်ကို ယခုလို ပြောပြသည်။
“မာနယ်ပလောနေရာကို ကျောင်းသုံးစာအုပ်ထဲမှာပဲ ကြားဖူးတာ။ ဒီမာနယ်ပလောကို ရောက်လာတော့ ဘယ်လို ခံစားမိလဲဆိုတော့ ကျမတို့ရဲ့ လူမျိုးတွေလွတ်မြောက်ချင်တဲ့ မျှော်လင့်ချက်တွေပြည့်ဖို့ အတွက် တဖြည်းဖြည်း နဲ့ မျှော်လင့်ချက်ရောင်နီသန်းလာပြီးဆိုတဲ့ ခံစားချက်ကို ဖြစ်စေတယ်။ ပြီးတော့ တစ်နေ့ ကျရင် ကျမတို့ကရင်လူမျိုးတွေ လွတ်မြောက်နိုင်တော့မယ်ဆိုတဲ့ စိတ်ခွန်အားတွေကိုလည်း ဖြစ်လာစေတယ်” ဟု အခမ်းအနားအပြီးတွင် ပြောဆိုခဲ့သည်။
ယခင် သမိုင်းဓါတ်ပုံများ မြင်တွေ့ခဲ့ရသည့် မာနယ်ပလော အဆောက်အဦး နေရာများတွင် ကုက္ကို ပင်ကြီးများ၊ ခြုံနွယ်ပေါင်းပင်များက ဝင်ရောက်နေရာယူနေသလို ယခင်အဆောက်အဦးပျက်များ၊ ဖောက်ထွင်းဖျက်ဆီးခံထားရသည့် အုတ်ဂူဟောင်းများကိုလည်း မြင်တွေ့ ရသည်။ အချို့နေရာများတွင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သွားလာခွင့် ကန့်သတ်ထားသေးသည်။
မာနယ်ပလောဌာနချုပ်သည် သမိုင်းသင်ခန်းစာများစွာကို ပေးထားရာ နေရာတစ်ခုဟု ဆိုနိုင်သည်။ ၁၉၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အဆိုပါ ဌာနချုပ်နေရာသည် KNU အပါအဝင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD-LA)၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ-NCGUB အပြင် အခြားမဟာမိတ်များ ပေါက်ဖွားခိုလှုံရာ နေရာတစ်ခုအဖြစ် သမိုငစီၤးမှတ်တိုင်ရှိခဲ့ဖူးသည်။
၎င်းအပြင် အဆိုပါ ဌာနချုပ်၌ ၁၉၉၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် NCGUB၊ NLD(LA)၊ အမျိုးသား ဒီမိုက ရေစီတပ်ပေါင်းစု၊ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ်များပါဝင်၍ သဘောတူညီချက် (၅) ချက်ပါဝင်သည့် မာနယ်ပလော စာချုပ်ကို သမိုင်းဝင် စာချုပ်များကိုလည်း ချုပ်ဆိုနိုင်ခဲ့ဖူးသည်။
သို့သော် အဆိုပါ သဘောတူ စာချုပ်များသည် မာနယ်ပလော ကျဆုံးခြင်းနှင့်အတူ တိမ်မြှုပ် ပျောက်ကွယ်ခဲ့ရပြီး ယနေ့အချိန်အထိ လျစ်လျှူရှု အမေ့ပျောက်ခံခဲ့ရသည်။ NLD ပါတီ အာဏာရ ချိန်တွင်လည်း ထိုသဘောတူညီချက်များသည် ချောင်ထိုးခံခဲ့ရသည်။
တပ်ပေါင်းစု အင်အားကြီးထွားလာမှုကို စိုးရိမ်သည့် စစ်ခေါင်းဆောင်များက ၁၉၉၂ ခုနှစ်တွင်ပင် မာနယ်ပလော ဌာနချုပ်ကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။ တပ်ရင်း (၈)ရင်းခန့် အသုံးပြုတိုက် ခိုက်ခဲ့သော်လည်း မာနယ်ပလောမြေကို အခြေချခွင့်ပင်မရခဲ့ပေ။
ထိုနောက် ယာယီအပစ်ရပ်စဲပြီးနောက် ထိုစဉ်က နဝတ၏ စစ်ဗိုလ်ချုပ်ခင်ညွန့်က ကေအဲန်ယူအတွင်း အက်ကြောင်း ရှာဖွေကာ ဘာသာရေးကို အကြောင်းပြု၍ သွေးခွဲခဲ့သည်။ အကျိုးဆက်အနေဖြင့် သောင်ရင်းမြစ်နံဘေးရှိ မာနယ်ပလောဌာနချုပ်တွင် ကရင်အချင်းချင်းသွေးချောင်းစီးသည့် တိုက်ပွဲများ ၁၉၉၄ တွင် စဖြစ်ခဲ့သည်။
ထိုအချိန်တွင် နဝတက မြန်မာပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်းများကို အပစ်အခတ် ရပ်စဲ ကာ တောင်ပိုင်း၌ အင်အားကြီးထွားလာသည့် ကေအဲန်ယူအပါအဝင် ဒီမိုကရေစီတပ်ပေါင်းစုကို ချေမှုန်း သည့် နည်းလမ်းကို စစ်ခေါင်းဆောင်များက ပြုလုပ်နိုင်ခဲ့သည်။
၎င်းအပြင် စစ်ထောက်လှမ်းရေး၏ သွေးခွဲနိုင်မှုမှတဆင့် ထွက်ပေါ်လာသည့် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) တပ်ဖွဲ့သည် ရန်သူ စစ်တပ်ကို ဦးဆောင်လမ်းပြ၍ မာနယ် ပလော ဌာနချုပ်ကို ၁၉၉၄ တွင် ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်ခဲ့သည်။ ကရင်အချင်းချင်း သွေးချောင်းမစီးလိုသည့် ကေအဲန်ယူ ခေါင်းဆောင်များက မိမိနေရာဌာနချုပ်ကို ကိုယ်တိုင် မီးရှို့၍ ၁၉၉၅ ဇန်နဝါရီလကုန်ပိုင်းတွင် မာနယ်ပလောကို စွန့်လွှတ်လိုက်ရတော့သည်။
ထိုသို့သော သမိုင်းအတိတ်သင်ခန်းစာများရှိခဲ့ဖူးသော်လည်း ယနေ့အချိန်အထိ ကရင့်လက်နက်ကိုင် တပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းနိုင်ခြင်းမရှိသေးပေ။ ထို့အပြင် ဘုံရန်သူဖြစ်သည့် စစ်တပ်ကိုလည်း တပ်ပေါင်းစုအနေဖြင့် စုဖွဲ့၍ တော်လှန်တိုက်ခိုက်နိုင်သည့် အခြေအနေလည်း မရောက်ရှိနိုင်သည်ကို တွေ့ရသည်။
သို့သော် လက်ရှိတွင် နှစ်(၃၀)ကြာပြီးနောက် ပြန်သိမ်းနိုင်ခဲ့သည့် ဌာနချုပ်ဟောင်းကို KNDO စစ်ဦးစီး ချုပ်က ဦးဆောင်ကာ ရှင်းလင်းမှုအချို့ စတင်ပြုလုပ်နေပြီးဖြစ်သည်။ ဒေသတွင်း တည်ငြိမ် မှုများရှိ လာသည့် အချိန်တွင် မာနယ်ပလောကို အသက်ပြန်သွင်းအခြေချနေထိုင်ရန် ရည်မှန်းထားသည်။
သမိုင်းသည် တစ်ပတ်လည်လေ့ရှိသည်ဟု ပညာရှင်တို့ ဆိုစမှတ်ပြုထားသည့် နည်းတူ ယခု မာနယ် ပလော၌ အတိတ်အရိပ်တို့ ပြန်သက်ဝင်စပြုလေပြီး။