ဖေဖော်ဝါရီ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်း၊ ဒူးသထူး(သထုံ)ခရိုင်တပ်မဟာ(၁) ဘီးလင်းမြို့နယ်၊ မဲလလီ(မယ်ပရေးခီး) စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA က ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ထိတွေ့ ပစ်ခတ်ပြီးနောက် ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဒူးသထူးခရိုင် ဥက္ကဌ ပဒိုစိုးမြင့်က ယခုလို ပြောသည်။
“သူတို့ပြန်တက်လာတဲ့အချိန်မှာ ဒီဘက်ကသိတော့ သွားပြီးပိတ်ဆို့ လိုက်တာ။ သူတို့က အဲဒီမှာရှိတဲ့ ကုန်း တစ်ခုမှာ နေတော့ ဒီဘက်ကသိတယ်။ ဖမ်းဆီးခံရတာက ဟာလေး ကျေးရွာနား အင်းတစ်ခုအနီးမှာဘဲ ဖမ်းမိ တယ်။ မဲပလီရွာမှာတော့ လေယာဉ်လာပစ် လူနေအိမ်တွေ အများကြီးထိခိုက်တာရှိတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

ထပ်မံဖမ်းဆီးခံရသူများမှာ ဆေးတပ်သား၊ ဆက်သွယ်ရေး ကြေးနန်းကိုင်များ အပါအဝင် လက်နက် ၁၈ လက်နှင့် အတူ ဖမ်းဆီးရရှိခြင်း ဖြစ်သည်။ ထိုတပ်ဖွဲ့ဝင်များသည် မဲပလီတပ်စခန်း၌ ၄ နှစ်ကျော်ကြာသည့်အထိ တပ်အပြောင်းအလဲမရှိဘဲ နေခဲ့ရသူများ ဖြစ်သည်ဟု ပဒိုစောစိုးမြင့်က ဖြည့်စွက်ပြောသည်။
မဲပလီစခန်းသိမ်းတိုက်ပွဲ ပြီးသည့်နောက် စစ်ကောင်စီက ကျေးရွာထဲသို့ လေကြောင်းတိုက်ခိုက်မှု ဆက်ပြုလုပ် နေသလို စစ်ကောင်စီ ခြေမြန်တပ်ရင်း ခရမ-၃ တပ်မှ အမြောက်လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။
မဲပလီဗျူဟာစခန်းကို ယခုဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး နှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၉ ဦးသေဆုံးခဲ့ပြီး ၂၉ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီး ရမိခဲ့သည်။ ထို့အပြင် လက်နက်ကြီး လက်နက်ငယ် ၄၂ လက်ခန့် သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန် ထားသည်။