Home သတင်း ဗုံကြဲခံရမှုများလာ၍ ရှမ်းမြောက် ဒေသခံတချို့ မန္တလေးနှင့် ပြည်နယ်တောင်ပိုင်းသို့ ပြောင်းရွှေ့နေ

ဗုံကြဲခံရမှုများလာ၍ ရှမ်းမြောက် ဒေသခံတချို့ မန္တလေးနှင့် ပြည်နယ်တောင်ပိုင်းသို့ ပြောင်းရွှေ့နေ

108
Photo: SHRF

ဖေဖော်ဝါရီ ၅ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်များအတွင်းသို့ စစ်ကောင်စီက ဗုံးဆက်တိုက် ကြဲချနေ သည့်အတွက် ဒေသခံအချို့ မန္တလေးနှင့် ရှမ်းပြည်နယ် တောင်ပိုင်းသို့ ပြောင်းရွှေ့ကာ အိမ်ငှားရမ်းနေထိုင်နေကြရ သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းယူထားသည့် အဆိုပါမြို့နယ်များကို စစ်ကောင်စီ က ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင် ဒေသခံ ၁၅ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိသွားခဲ့သည့်အခြေအနေကြောင့် ဒေသခံတို့ ယခုလို ရွှေ့ပြောင်းနေထိုင်နေကြခြင်း ဖြစ်သည်ဟု ယိင်းလျန်းဟန်က ပြောသည်။

“အခုဆိုရင် TNLA က ထိန်းချုပ်ထားတယ်ဆိုပေမဲ့ စစ်ကောင်စီက ဗုံးလာကြဲနေတာဖြစ်တဲ့အတွက် ဒေသခံ တော်တော်များများကတော့ ရှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေးမြို့နယ်ဘက်တွေမှာ နေအိမ်ငှားရမ်းပြီး နေထိုင် နေကြရပါတယ်။ စစ်ကောင်စီနဲ့အခုချိန်ထိ လက်တွဲလုပ်နေတဲ့ နိုင်ငံတကာအနေနဲ့လည်း တစ်ခုခုကိုလုပ်ဖို့ စဉ်းစား သင့်နေပြီး” ဟု ၎င်းက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီက ကျောက်မဲဆေးရုံပေါ်သို့ လေကြောင်းမှ ပေါင် ၃၀၀ ဗုံး နှစ်လုံးကြဲချခဲ့သောကြောင့် ဆေးရုံရှိသားဖွားမီးယပ်ဌာန အဆောက်အအုံထိမှန်၍ အရပ်သား(၃)ဦးသေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် CDMသူနာပြု (၂)ဦးလည်းပါဝင်လျက်ရှိကာ ဆေးကုသမှုခံယူနေသည့် ဒေသခံ(၂၀)ဦး သည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

Photo: SHRF

ထို့ကြောင့် စစ်ကောင်စီသို့ လေယာဉ်ဆီရောင်းချနေသည့် နိုင်ငံများအနေဖြင့် ရောင်းချမှုကို ရပ်တန့် သင့်ပြီးဟု ရှမ်းလူ့အခွင့်အရေမဏ္ဍိုင်က ထပ်မံပြောဆိုသည်။

ယခုလို နိုင်ငံတစ်ဝှမ်း စစ်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် ဒေသခံတို့ အနေဖြင့် မန္တလေး၊ ရှမ်း တောင်ပိုင်း၊ ရန်ကုန်စသည့် မြို့များသို့ ပြောင်းရွှေ့ကာ အများစုသည် အိမ်ငှားရမ်းနေထိုင်ကြသလို အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား ဈေးနှုန်းများလည်း မြင့်တက်နေသည်ဟု ပြည်တွင်းသတင်းများ အရ သိရသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ကို ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ‌စောင့်ကြည့်‌ လေ့ လာရန်နှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရသူများကို တရားမျှတခွင့် ပြန်လည်ရရှိ‌ရေး၊ ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ ရေး၊ သဟဇာတရှိ‌ရေး၊ တန်းတူညီမျှရှိ‌ရေးတို့အတွက် လှုပ်ရှား‌ဆောင်ရွက်ရန်ရည်ရွယ်ပြီး ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။