Home သတင်း ထိုင်းလျှပ်စစ်မီးဖြတ်တောက်မှုကြောင့် မြဝတီရှိ စစ်ကောင်စီရုံးလုပ်ငန်းနှင့် ကျန်းမာရေးကိစ္စများ ထိခိုက်လာ

ထိုင်းလျှပ်စစ်မီးဖြတ်တောက်မှုကြောင့် မြဝတီရှိ စစ်ကောင်စီရုံးလုပ်ငန်းနှင့် ကျန်းမာရေးကိစ္စများ ထိခိုက်လာ

205
Photo: CJ

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမြို့ကို လျှပ်စစ်မီးလိုင်းများ ဖြတ်တောက်သွား၍ မြဝတီမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ရုံးလုပ်ငန်းများနှင့် မြဝတီဆေးရုံကြီးအပါအဝင် အောက်ဆီဂျင် စက်ရုံ လုပ်ငန်းများ ထိခိုက်လာကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် မြို့ခံသတင်းအရင်းအမြစ်က ပြောသည်။

၎င်းမြို့ခံက “ အခုမနက် ၈နာရီခွဲ ကျော်ကျာ် သူတို့ ထိုင်းနာရီ ၉နာရီ လောက်ပေါ့။ ထိုင်းမီးအကုန်ပြတ်ပြီ ၊ အကုန်မီးစက်နဲ့ သုံးကြတာပါ့၊ အချို့ရုံးတွေကလည်း အခုမှဆိုလာတပ်ဖို့ လုပ်နေတာတော့တွေ့ တယ်၊ ကာစီနို ဂိတ်တွေကတော့၊ မီးစက်ရှိတော့ အေးဆးပဲ။ ညကျရင်ကြည့်ကြည့်ရမှာပေါ့။ မှောင်မလား လင်းမလား ဆိုတာတော့”ဟု ပြောသည်။

ယခုမီးဖြတ်တောက်မှုမှာ ထိုင်းမီးသွယ်တန်း ပေးထားသည့် နေရာများဖြစ်သော တရုတ်လောင်း ကစားရုံများရှိသည့် သောင်ရင်းမြစ်ဘေး မြို့တောင်ဘက်၊ မြောက် ဘက်နှင့် မြို့လည်စစ်ကောင်စီ ရုံးဌာန နေရာများအပြင် မြဝတီမြို့ဆေးရုံကြီး၊ အောက်ဆီဂျင်စက်ရုံနှင့် မြဝတီချစ်ကြည်ရေး တံတားနှစ်စင်းရှိ ကုန်သွယ်လုပ်ငန်း၊ အကောက် အခွန်ဌာန၊ လူဝင်မှုကြီးကြပ် ရေးဌာနရုံးလုပ်ငန်းလုပ်သည့်နေရာများဖြစ်ကြောင်း သိရသည်။

လက်ရှိ မြဝတီမြို့ပေါ် ရပ်ကွက် ၆ ခုနှင့် ကျေးရွာများဘက်တွင် မြန်မာလျှပ်စစ်ဓါတ်အားလိုင်းနှင့် တယ်လီဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းများပြတ်တောက်နေသည်မှာ နှစ်နှစ်နီးပါး ရှိလာပြီ ဖြစ်သည့်အတွက် မီးစက်မီးကိုသာ အားထားအသုံးပြုနကြရကြာင်း ကြံခင်းရပ်ကွက် နေထိုင်သူက ပြောပါသည်။

“ မြန်မာမီးက ၂၀၂၃ ကတည်းက စစ်တပ်နဲ့ တိုက်ပွဲဖြစ်တော့ ပျက်စီးပြီးမလာတာကြာပြီလေ။ ဖုန်းလိုင်း အင်တာနက်လိုင်းလည်း မရတာ နှစ်နှစ်လောက် တောင်ရှိလာပြီ၊ လူတွေက မီးစက်ရှိတဲ့သူကို အားကိုး နေရတယ်။ မီးအိမ်အားသွင်း၊ ဖုန်းအားသွင်းပြီး နေနေရတယ်။ ဆိုလာကိုသိပ်မသုံးကြဘူး။ ခေါင်မိုးပေါ် မှာ ဆိုလာပြား တွေမီးလောင်တာမျိုး ခဏခဏ ဖြစ်ကြလို့ သိပ်မတပ်ရဲကြဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံသတင်းများအရ ထိုင်းအစိုးရမှ မြန်မာနိုင်ငံ မြဝတီမြို့ဘက်က တရုတ် တရားမဝင် လောင်းကစားလုပ်ငန်းများအား ထိုင်းလျှပ်စစ်မီးဖြတ် တောက်ရန် သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါနေရာများ ဆက်လက်လည်ပတ်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောစကားအရ သိရှိရသည်။