Home သတင်း ထားဝယ်နှင့် မြိတ်တွင် မြို့တွင်းမြို့ပြင် စစ်ကောင်စီ ဂိတ်တိုးချ စစ်ဆေးမှုများလာ

ထားဝယ်နှင့် မြိတ်တွင် မြို့တွင်းမြို့ပြင် စစ်ကောင်စီ ဂိတ်တိုးချ စစ်ဆေးမှုများလာ

120
(ထားဝယ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပုံ)

ဖေဖော်ဝါရီ ၅ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် မြို့တွင်း၊ မြို့ပြင် စစ်ကောင်စီက စစ်ဆေးရေးဂိတ် များတိုးချထားပြီး စစ်ဆေးဖမ်းဆီးမှုများလာသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်းက ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အများစု သွားတိုက်ပြီးနောက် ယခုလို စစ်ဆေးရေးဂိတ်များ တိုးဖွင့်ကာ စစ်ဆေး ဖမ်းဆီးမှုများလာခြင်းဖြစ်သည်ဟု မြိတ်မြို့ပေါ်နေထိုင်သူ တစ်ဦးက ပြောသည်။

“စစ်နေတာကတော့ ဆိုင်ကယ်တွေကို အဓိကစစ်တယ်။ ဒီရက်ပိုင်းအတွင်းမှာ ဆိုင်ကယ်အများစု ဖမ်းဆီး ခံရတယ်။ မြို့ဆုံလမ်းဂွလိုနေရာတွေမှာ အဓိက ဖမ်းနေတာ။ လုံခြုံရေးကလည်း အရင်ကထက် ပိုပြီးများတယ်။ မိုးလင်းကနေစပြီးတော့ ညပိုင်းအချိန်ထိ တောက်လျှောက်ဖမ်းဆီးစစ်ဆေးတာကို အဓိကလုပ်နေတယ်”ဟု ၎င်းက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး အင်အားယခင်ထက် ပိုမိုတိုးမြှင့်ထားပြီး အရပ်ဝတ်များ ဝတ်ဆင်ထားသည့် ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသူများနှင့် ယာဉ်ထိန်းရဲများပါဝင်သည့် ပူးပေါင်းအင်အား ၁၀ ဦး ဝန်းကျင်ဖြင့် ဆိုင်ကယ်များကို စစ်ဆေးခြင်း စသည့်တို့ကို လုပ်ဆောင်နေသည်ဟု မြိတ်ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ထို့အပြင် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရပြီးနောက် ၎င်းဂိတ်များနှင့် နီးစပ် သည့် မြို့ပေါ်ရှိ တည်ခိုးခန်းများနှင့် အဆောက်အဦးနှင့် လူနေရပ်ကွက်များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးမှု များ လုပ်ဆောင်နေသည်ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခု၌ နေထိုင်သူ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြော သည်။

“စစ်ဆေးရေးဂိတ်နဲ့ကလည်းနီးတော့ ဝင်ပစ်ခံရတဲ့နေ့ပြီးနောက်ပိုင်း ရပ်ကွက်ထဲမှာဝင်စစ်တယ်။ အိမ်ထဲထိ ဝင်စစ်တယ်။ ဘယ်သူတွေနေလဲ ကအစပေါ့။ ပြီးတော့ ပြီးခဲ့တဲ့ရက်ကလည်း ရပ်ကွက်ရုံးမှာလူစုခိုင်းတယ်။ အိမ်မှာကလေးကငယ်တော့ စိုးရိမ်မှုတွေတော့ရှိပါတယ်”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ဆေးမှုများလာသည့်အပြင် စစ်မှုထမ်းခေါ်ယူနေမှုများကြောင့် ထားဝယ်မြို့ခံများအနေဖြင့် ညပိုင်း၌ အပြင်ထွက်သွားလာမှု နည်းပါးသွားသည်ဟု မြို့ထံများထံမှ သိရသည်။