Home သတင်း ကရင်နီတွင် ဒေသခံ ၁၀၀ ကျော် ၂၀၂၄ ခုနှစ်အတွင်း အကြောင်းမဲ့ သတ်ဖြတ်ခံရ

ကရင်နီတွင် ဒေသခံ ၁၀၀ ကျော် ၂၀၂၄ ခုနှစ်အတွင်း အကြောင်းမဲ့ သတ်ဖြတ်ခံရ

86
Photo: KnHRG

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီဒေသတွင် ယခင်နှစ် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ဒေသခံ ၁၀၀ ဦးကျော်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ထုတ်ပြန်ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဒေသများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မြေမြှုပ်မိုင်းများထောင်ခြင်းတို့ကြောင့် ဒေသခံများ ယခုလိုသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု စစ်ဘေး ရှောင်ကူညီသူများနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များ သုံးသပ်ပြောဆိုသည်။

အဆိုပါ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၃၆ ကြိမ်၊ စစ် ကောင်စီ၏ မြေမြှုပ်ပိုင်းနှင့် အရပ်သားဖမ်းဆီးသတ်မှုပေါင်း ၂၆ ကြိမ်၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုပေါင်း ၄၆ ကြိမ်ကျူးလွန်ခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ-KnHRG က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယခုလိုအခြေအနေများကြောင့် ကရင်နီ(ကယား)ပြည်နယ် ဒေသတွင်း စစ်ဘေးရှောင်စုစုပေါင်း ၂၁၀,၀၀၀ ဦး အထိရှိနေပြီးဖြစ်သည်။ စစ်ဘေးရှောင်စခန်းအများစု၌ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ သည် စစ်ဘေးဒဏ်ကို အများဆုံးခံစားရကြောင်း သိရသည်။ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်တိုက်လိုအပ်နေသည်ဟု ကရင်နီစစ်ဘေးရှောင်မြေပြင်တာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“အခုဆိုရင် စစ်တပ်က ဒီဆေးဝါးသယ်ဆောင်ခွင့်တွေကို တားမြစ်ထားတဲ့အတွက် ခိုးသွားတဲ့လမ်းကနေပြီးတော့ သယ်ဆောင်ရတယ်။ အဲ့ဒီအတွက် ကရင်နီဒေသက စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ဆေးဝါးလိုအပ်ချက်က အဓိက ဖြစ်လာတယ်။ ပြီးတော့ စားနပ်ရိက္ခာပေါ့။ စစ်ဘေးရှောင်စခန်းတစ်ခုမှာဆိုရင် သက်ကြီးရွယ်အိုနဲ့ ကလေး ငယ်တွေက ငါးဆယ်ရာခိုင်နှုန်းလောက်ပါဝင်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုလို အခြေအနေများကြောင့် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအတွင်း ပြည်သူများ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ဆုံးရှုံးနေပြီး စစ်ရာဇဝတ်မှုများကို တားဆီးအရေးယူပေးရန်နှင့် စစ်ကောင်စီအား လက်နက်ရောင်းချ ခြင်းနှင့် လေယာဉ်ဆီတင်ပို့ရောင်းချခြင်းကို ရပ်တန့်ရန်လိုသည်ဟု KnHRG က တိုက်တွန်းတောင်းဆိုထားသည်။