ဇန်နဝါရီ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းမှ အမေရိကန်သို့ ခိုလှုံခွင့်ရထားပြီးသူ ၂၀ ဦးကျော်ကို ခရီးစဉ် ဖျက်သိမ်းလိုက်၍ စခန်းသို့ လှည့်ပြန်လာရသည်ဟု စခန်းတွဲဖက်အတွင်းရေးမှူး စောနီဒို့က ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်ထမ်းဆောင်သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် အမေရိကန်သို့ ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်ဆိုင်းငံ့လိုက်သည့်အတွက် အုန်းဖြန် ဒုက္ခသည်စခန်းရှိ မိသားစု ၈ စုမှ လူ ၂၀ ဦး ကျော်၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ အမေရိကန်သို့ထွက်ခွာမည့် ဒုက္ခသည် ၂၀ ဦးသည် စခန်းမှ ထွက်ခွာသွားပြီး ခရီးဆက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီစဉ်ဖြင့် မဲဆောက်မြို့သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည် စခန်းစာရင်းမှ ပယ်ဖျက်ထားပြီး စခန်းရှိ ၎င်းတို့ နေအိမ်များကိုလည်း တစ်ခြားဒုက္ခာသည်များကို လွှဲပြောင်း ပေးအပ်ထားပြီး ဖြစ်သည်ဟု တွဲဖက်စခန်းမှူး စောနီဒို့က ယခုလိုပြောသည်။
“အခုက ကျနော်တို့ ထွက်ခွာဖို့ ယာယီရပ်လိုက်တာပေါ့နော်။ ပြန်တော့ပြန်ခေါ်မယ်၊ ဘယ်တော့ပြန်ခေါ်မလဲတော့ မသိဘူး။ ဒီရက်ပိုင်း ဘန်ကောက်ကနေ အမေရိကန်ကိုထွက်သွားတဲ့သူ ရှိတယ်။ သူတို့ ကံကောင်းသွားတာပေါ့။ ဘန်ကောက်မရောက်သေးဘဲ မဲဆောက်မှာဘဲ ရောက်သေးတဲ့လူတချို့ကတော့ အကုန်ပြန်လှည့် လာရတယ်။ တချို့က နေအိမ် သူများကို ပေးလိုက်ပြီးဆိုတော့ သူ့အသိဆွေမျိုး အိမ်မှာ သွားနေမှာပေါ့။ ရိက္ခာအပိုင်းတော့ ပြန်စီစဉ်ပေးလို့ရတယ်၊ ကိစ္စတော့မရှိဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒုက္ခသည်အခြေချခွင့် ဆိုင်းငံ့လိုက်သည့် အမိန့်ကြောင့် ထိုင်း-မြန်မာ နယ်စပ်၊ ဒုက္ခသည် စခန်းများ၌ နှစ်ပေါင်းများစွာကြာ နေထိုင်သည် ဒုက္ခသည်များ တတိယနိုင်ငံသို့ သွားရောက်အခြေချခွင့် မရတော့မည်ကို စိုးရိမ်နေကြသည်ဟု ၎င်းတို့က ပြောဆိုသည်။
ယခုလို အမေရိကန်က ဒုက္ခသည်ခေါ်ယူခွင့် ဆိုင်းငံလိုက်သည့်အပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး-UNHCR အနေဖြင့် ကရင်ဒုက္ခသည်များကော်မတီ-KRC ထံ လက်ရှိချိန်ထိ တစ်စုံတစ်ရာ ပြောဆိုအသိပေး ခြင်း မရှိသေးဟု ကော်မတီ အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

“ကျနော်တို့ KRC ကိုတော့ UNHCR က ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောတာမရှိသေးဘူး။ မနေ့က သတင်းတွေမှာကြည့် တာတော့ အမေရိကန်မှာ တရားမဝင် ရောက်လာတဲ့လူတွေကို သူတို့ရှင်းလင်းဖို့ သူတို့လုပ်တဲ့ လုပ်ငန်းစဉ်အတွင်း မှာ ဒုက္ခသည်အချေချခွင့်အစီစဉ်တွေကို သူတို့ကဆိုင်းငံ့တဲ့သဘော လို့ပဲနားလည်တယ်။ အဖွဲ့ကို တရားဝင်ဘာမှ အသိပေး မပြောသေးဘူးဆိုတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့လဲ ဘာမှပြောလို့မရသေးဘူး” ဟု ၎င်းက ပြောသည်။
အမေရိကန်နိုင်ငံက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ခေါ်ယူသည့်အစီစဉ်ကို ၁၀ စုနှစ် တစ်ခုကြာ ရပ်ဆိုင်း ခဲ့သည်။ ထို့နောက် သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် ကမ္ဘာတစ်ဝှမ်းရှိ ဒုက္ခသည် တစ်သိန်းကျော် ခေါ်ယူမည်ဟု ပြောဆိုခဲ့သည်။ ယခုလို ပြောဆိုပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများ၌ ကုလနှင့် ထိုင်းအစိုးရတို့က ၂၀၂၃ ခုနှစ်တွင် လူဦးရေစာရင်း ပြန်လည်စိစစ်အတည်ပြုမှုများ လုပ်ဆောင်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်း ၉ ခုရှိကာ လူဦးရေ ရှစ်သောင်းကျော် နေထိုင်လျက်ရှိသလို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ပြန်လည်စတင်သည့် အမေရိကန်သို့ သွားရောက်ခွင့် အစီစဉ်တွင် ထမ့်မဟင်၊ ဘန့်ဒုံယမ်းနှင့် အုန်းဖြန် ဒုက္ခသည်စခန်းများတွင်သာ စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။
အဆိုပါအစီစဉ်ထဲတွင် အမေရိကန်ထွက်ခွင့် သတ်မှတ်ရက်ကျသည့် သူများရှိသလို တစ်ချို့သည် လူတွေ့ စစ်ဆေး မေးမြန်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်နေဆဲ ဖြစ်ပြီး ယခုထိုသူများကိုပါ စိစစ်ခြင်း လုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့ လိုက်ပြီး ဖြစ်သည်ဟု သိရသည်။
ထို့အပြင် အမေရိကန်က ဒုက္ခသည် လက်ခံရေးအစီစဉ်ဆိုင်းငံ့လိုက်သည့် အမိန့်ကြောင့် အမေရိကန်သို့ သွားခွင့်ရ မြန်မာ၊ ကွန်ဂို၊ အာဖဂန်နစ္စတန် ဒုက္ခသည်တို့၏ လေယာဉ် ခရီးစဉ် တစ်သောင်းကျော် ဖျက်သိမ်း လိုက်သည်ဟု နိုင်ငံတကာ သတင်းများ၌ ဖော်ပြထားသည်။



















