Home သတင်း မယ်လစခန်းတွင် အသက်မပြည့်သေးသည့် မူယစ်ဆေးစွဲနေသူက မိခင်ကို ဓားဖြင့်ခုတ်မှုဖြစ်

မယ်လစခန်းတွင် အသက်မပြည့်သေးသည့် မူယစ်ဆေးစွဲနေသူက မိခင်ကို ဓားဖြင့်ခုတ်မှုဖြစ်

688

ဇန်နဝါရီ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်း၌ မူးယစ်ဆေးဝါးစွဲနေသည့် အသက်မပြည့်သေးသူ ယောကျ်ားလေး တစ်ဦးက မိခင်ကို ဓားဖြင့်ပြန်လည်ခုတ်မှု ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု စခန်း တာဝန်ရှိသူက ပြောသည်။

အဆိုပါလူငယ်လေးသည် အသက် ၁၆ နှစ်သာ ရှိသေးသလို မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမိရာမှ ဆေးကြောင် ပြီး ယခုလို မိခင်ဖြစ်သူကို ဓားဖြင့် ပြန်ခုတ်ခြင်းဖြစ်သည်။ ထို့ကြောင့် မိခင်ဖြစ်သူမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်ဟု မယ်လဒုက္ခသည်စခန်း အတွင်းရေးမှူး စောဆန်းဒေးက ပြောသည်။

“ဓားနဲ့ခုတ်တော့ တော်သေးလို့ အသက်မသေဘူး။ လည်ပင်း၊ နား၊ ကြောကုန်းမှာထိတာ အခုထိတော့ ဆေးရုံမှာ ဘဲ ရှိသေးတယ်။ ကလေးက ဆေးသုံးများတော့ စိတ်ဖောက်သလိုမျိုး ဖြစ်သွားတယ်။ အသက်လည်း မပြည့် သေးဘူးဆိုတော့ ကလေးအခွင့်အရေးအရ အပြစ်ပေးအရေးယူလို့မရဘူး။ အိမ်ပြန်လာရင် သူ့ကိုကြည့်မယ့်လူ မရှိတော့ မိဘတွေက ထိန်းသိမ်းထားခိုင်းတယ်” ဟု ၎င်းက ပြောသည်။

အဆို ကလေးငယ်သည် လွန်ခဲ့သည့် ၅ နှစ်ကတည်းက မူးယစ်ဆေး စတင်သုံးစွဲခြင်း ဖြစ်ပြီး ဦးနှောက်ထိခိုက်ကာ ၇ တန်းအရောက်တွင်ကျောင်း ထွက်ခဲ့ရပြီး ကျောင်းထွက်ထားသည်မှာလည်း ၂ နှစ်ခန့်ရှိပြီး ဖြစ်သည်ဟု စခန်းတာ ဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် စခန်းထဲတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ် ယောကျ်ားလေးငယ်များသာမက အသက် ၁၃ နှစ်မှ ၁၈ နှစ်အတွင်း မိန်းကလေးငယ်များလည်း မူယစ်ဆေးအမျိုးမျိုး သုံးစွဲနေမှု တစ်ချို့ရှိနေသည်။ ထိုလူငယ် လေးများသည် tramadol ဆေးလုံး၊ ချောင်းဆိုး ဆေးရည်နှင့် ကိုကာကိုလာ အချိုရည်ကို တွဲစပ်ထားသည့် မူးယစ် စေသည့် ဆေးရည်များကို သုံးစွဲကြသည်ဟု သိရသည်။

ထိုအပြင်အချို့သည် အရက်၊ ဆေးခြောက်၊ အပြင် WY မူးယစ်ဆေးကိုပါ အလွန်အကျွံသုံးစွဲသည့်အတွက် အလားတူ မိဘကို ပြန်လည်ရန်ရှာသည့် ဖြစ်စဉ်မျိုးသည် မယ်လဒုက္ခသည်စခန်းတွင် မကြာခဏဖြစ်လာသလို မူးယစ်ဆေးဝယ်ယူသုံးစွဲရန် ဝင်ငွေမရှိသည့်အတွက် ပစ္စည်းများခိုးယူရောင်းချမှုများလည်း ဖြစ်ပွားမှုများလာ သည်ဟု စခန်းတာဝန်ရှိသူတို့ ထံမှ သိရသည်။

သို့သော် အပြစ်ကျူးလွန်သူ အများစုသည် အသက်မပြည့်သည့် ကလေးများဖြစ်နေသည့်အတွက် ဖမ်းဆီးအပြစ် ပေးရန် ကလေးသူငယ်အခွင့်အရေးနှင့် ငြိစွန်းနေသည့်အတွက် ကိုင်တွယ်ဖြေရှင်းရန် စခန်းတာဝန်ရှိသူတို့ အခက် အခဲဖြစ်နေသည်ဟု သိရသည်။

၎င်းအပြင် မယ်လဒုက္ခသည်စခန်း၌ လူငယ်လူရွယ်များ မူးယစ်ဆေး သုံးစွဲမှုများလာသည့်အတွက် ဒုက္ခသည်စခန်း ကို စောင့်ကြည့်ရသည့် ထိုင်းအာဏာပိုင်များဘက်မှ ၂၀၂၅ ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် စီမံချက်နှင့် ရပ်ကွက်အတွင်း ညအချိန်မတော် ထွက်သည့် မသင်္ကာသူ လူငယ် လူရွယ်များကို ဆီးစစ်ခိုင်းသည့် လုပ်ငန်းစဉ် ဆောင်ရွက်နေသလို မူးယစ်ဆေးသုံးစွဲကြောင်း အဖြေထွက်ပေါ်လာပါက ဒဏ်ငွေ ရိုက်အရေးယူလေ့ ရှိကြောင်း သိရသည်။