ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တရုတ်နိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့ရေးရာ လက်ထောက်ဝန်ကြီး မစ္စတာ Liu Jong-I သည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊မဲဆောက်မြို့သို့ ရောက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ငွေကြေးလိမ်လည်မှုဖြင့် နာမည်ဆိုးထွက်နေသော နေရာများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် The Reporters က ဖော်ပြထားသည်။
မစ္စတာ Liu Jong-I နှင့်အဖွဲ့သည် အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများဖြင့် နာမည် ဆိုးထွက်နေသော မဲဆောက်မြို့တစ်ဖက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park မြို့သစ်နေရာကို သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု The Reporters တွင် ဖော်ပြထားသည်။
လက်ထောက်ဝန်ကြီး မစ္စတာ Liu Jong-I ၏ မဲဆောက်ဒေသ ကွင်းဆင်းစစ်ဆေးမှုခရီးစဉ်တွင် တာ့ခ်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ထိုင်းအစိုးရတာဝန်ရှိသူများက လိုက်ပါ ပို့ဆောင်ပေးခဲ့သည်ဟု အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်နေ့တွင် မြဝတီဘက်ရှိ ကျားဖြန့်ဂိုဏ်းတစ်ခုမှ တရုတ်မင်းသားတစ်ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတဆင့် ကယ်ထုတ်ခဲ့ပြီးနောက် ထိုင်းနယ်စပ်တစ်လျှောက်ရှိ အိမ်နီးချင်းနိုင်ငံများကို အခြေ စိုက်သည့် ရာဇဝတ်မှု ကျူးလွန်နေသူများကို စီမံချက် (၆) လဖြင့် တားဆီးနှိမ်နင်းသွားမည် ဖြစ်ကြောင်း ထိုင်းအစိုးရအာဏာပိုင်များက ထုတ်ပြန်ပြောဆိုထားသည်။
ထိုသို့ လူကုန်ကူးမှုနှင့် လိမ်လည်မှုများကို တားဆီးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဂိတ်များ၊ လေဆိပ်ဂိတ်များတွင် လုံခြုံရေးတိုးမြှင့်ချထားသည့်အပြင် နိုင်ငံခြားသားများကို စစ်ဆေးခြင်းနှင့် ဟိုတယ်များအတွင်း စုံစမ်းခြင်းများအပါအဝင် တင်းကြပ်သော အရေးယူဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောဆိုသည်။
တရုတ်နိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့ရေးရာ လက်ထောက်ဝန်ကြီး ရောက်ရှိချိန်နှင့်တပြိုင်နက်တွင် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်နှင့် မြဝတီမြို့အနီး အင်ကြင်းမြိုင် (KK Park)ရှိ နိုင်ငံခြား သားများကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် အစီအစဉ်ရှိသည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရသူ ဗိုလ်မှူး နိုင်မောင်ဇော်က RFA သတင်းဌာနသို့ ယနေ့တွင် ပြောဆိုထားသည်။



















