ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အရှေ့တီမောနိုင်ငံ၌ ဆက်ဆံရေး ရုံးဖွင့်လှစ်ခြင်းနှင့် အာဆီယံ ခေါင်းဆောင်များ ကြေညာချက်ထဲ၌ တော်လှန်ရေးအင်အားစုများ ဆွေးနွေးမှုများကို ဖော်ပြခဲ့မှုများလည်း ရှိခဲ့သည်ဟု NUG ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
NUG အနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လဆန်းပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ဂျာကာတာ မြန်မာ့ အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်ဟု အတည်ပြုထုတ်ဖော်ပြောသည်။ ထို့အပြင် K2C နှင့် NUG တို့၏ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံရေးပူးတွဲထုတ်ပြန်ချက်နှင့် တိုးတက်မှုများကို ရှင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု NUG နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။
“အဲ့ဒီ့ရဲ့ ရလဒ်တွေအနေနဲ့ လာအိုနိုင်ငံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန် ခဲ့တဲ့ အာဆီယံခေါင်ဆောင်များရဲ့ ကြေညာချက်တွေမှာဆိုရင် ကျမတို့ ဆွေးနွေးခဲ့တာတွေကို ပြန်ပြီးတော့ ဖော်ပြ ခဲ့တာ တွေကို တိုးတက်မှုတွေအနေနဲ့ တွေ့ခဲ့ရပါတယ်” ဟု သူမက ပြောသည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း တရားဝင်ထုတ်ဖော်ပြောဆို၍ ရသည့် စည်းရုံးရေးခရီးစဉ် နိုင်ငံ ၉ ခုသို့ သွားရောက်ခဲ့ကြောင်း၊ ထူးခြားမှုအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့လည်း သွား ရောက်ခဲ့ပြီး တောင်ကိုရီးယား လွှတ်တော်၌ မြန်မာ့အရေး ကြားနာမှု ၄ ကြိမ်ထိပြုလုပ်ခဲ့သည်ကို တွေ့ရသည်ဟု NUG က ပြောသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ သက်တမ်းတိုးခြင်းကို ဆိုင်ရာနိုင်ငံ တစ်ခုချင်းနှင့် ချိတ်ဆက်လုပ်ကိုင်ပေးခဲ့သလို တခြားတစ်ဖက်တွင် စစ်ကောင်စီက အလုပ်သမားများအပေါ် အခွန် ကောက်သည့်ကိစ္စရပ်များကို ကူညီရန် စိန်ခေါ်မှုများလည်း ရှိနေသည်ဟု NUG ကပြောဆိုသည်။

ယနေ့ အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကုလနှင့် နိုင်ငံတကာတွင် မြန်မာ့အရေး ပြော ဆိုနိုင်မှု အခြေအနေများကို ရှင်းလင်း ပြောဆိုခဲ့ပြီး အချို့တိုးတက်အောင်မြင်မှုရှိသလို စိန်ခေါ်ချက်များ လည်းရှိနေသည်ဟု ၎င်းက ပြောသည်။
“ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကြောင်း တံခါးဖွင့်ကြားနာမှု လုပ်ခဲ့တဲ့အခါမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပြောဆိုခွင့်မရှိခဲ့တဲ့ စိန်ခေါ်မှုတွေလည်း ရှိခဲ့ပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
၎င်းအပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ အနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း ကုလ၌ မြန်မာ့အရေး အစီရင်ခံစာတင်သွင်းသွားရန်လည်းရှိသည်ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ကောင်စီက ပြည်တွင်း၌ အကြမ်းဖက်နေမှုများအပေါ် နိုင်ငံတကာက ထိရောက်သည့် ကူညီဟန့်တား မှုများ မရရှိသေးသော်လည်း ရရှိအောင်ဆက်လက်တောင်းဆို ကြိုးပမ်းသွားမည်ဟု သတင်းစာရှင်းလင်းပွဲ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။



















