Home သတင်း တပ်မဟာ ၄ တွင် ကရင်အဖွဲ့အချင်းချင်း ထပ်မံပစ်ခတ်မှုဖြစ်၊ ဒုတပ်ခွဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

တပ်မဟာ ၄ တွင် ကရင်အဖွဲ့အချင်းချင်း ထပ်မံပစ်ခတ်မှုဖြစ်၊ ဒုတပ်ခွဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

1521
Photo- KNLA

ဇန်နဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၄)/ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဇန်နဝါရီလ(၃)ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကော်သူးလေအာမီ(KTLA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရာ ဒုခွဲမှူးတစ်ဦးသေဆုံးပြီး တပ်သားတစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေ့လည်(၁၁)နာရီ၊ (၃၀)မိနစ်ခန့်တွင် KNLA တပ်ရင်း(၁၀) မှ ဒုခွဲမှူး ဗိုလ်စော လားဒိုအပါအဝင် တပ်ဖွဲ့ဝင် (၉)ဦးပါဝင်သည့်အဖွဲ့သည် မော်တော်ယာဥ်ဖြင့် ဆေးခန်းပြရန် ထွက်လာစဥ် KTLA လက်အောက်ရှိ ကော်လာဖိုး(ခ) စောအယ်ခွီးအဖွဲ့၏ ချောင်းမြောင်း ပစ်ခတ်ခံရ၍ ဒုခွဲမှူးဖြစ်သူ သေဆုံးပြီး ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်မဟာ(၄)တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဗိုလ်လားဒိုက သူ့တပည့်နေမကောင်းလို့ သူကိုယ်တိုင် ဆေးခန်းလိုက်ပို့တာ။ တပ်ရင်း (၁၀)ကနေ သူများဘက်ရောက်တော့ အပစ်ခံရတယ်။ သူလည်းသေတယ်။ သူ့တပည့် တစ် ယောက်လည်း ဒဏ်ရာရတယ်။ ပါသွားတဲ့ နှစ်ယောက်က ပျောက်နေတုန်း၊ အခုထိရှာလို့ မတွေ့သေးဘူး။ ကျန်တဲ့လူတွေကတော့ နေရာပြန်ရောက်ပြီ။” ဟု တပ်မဟာ(၄) KNLA ၏ တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီတပ် စခန်းချနေထိုင် သည့်နေရာများမရှိသလို KNLA နှင့် KTLA တို့သာ လှုပ်ရှားသွားလာနေသည့် နေရာများဖြစ် သည်ဟုလည်း ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။

ထို့ကြောင့် ယခုလိုလုပ်ရပ်များ ဖြစ်ပေါ်လာသည့်အတွက် တပ်မဟာ(၄) ထိပ်ပိုင်းခေါင်း ဆောင်များအတွက် နောက်နောင်ကာလ သွားလာရေးစိုးရိမ်ရနေရသည့် အနေအထား လည်းဖြစ်သည်ဟု ဖော်ပြပါ KNLA တပ်မဟာ(၄)၏ တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

၎င်းတာဝန်ရှိသူက “KTLA ဟာ စစ်ကောင်စီလို ရန်သူမဟုတ်တော့ သူတို့ဘက်ကဘာတွေ လှုပ်ရှားမှုရှိလဲ မသိရဘူးလေ။ အဲဒါကြောင့် နောက်ပိုင်းကျရင်တော့ ကျနော်တို့ တပ်မဟာ(၄)ဘက်ကခေါင်းဆောင်တွေအတွက် သွားရေးလာရေးကစိုးရိမ်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ်မှစတင်ကာ KNLA တပ်မဟာ(၄)နှင့် KTLA တို့အကြား နှစ်ဖက် တင်းမာမှုများဖြစ်ပွားလာခဲ့ပြီး KTLA ဘက်က KNLA တပ်ရင်း တပ်ဖွဲ့ဝင်များကို ပစ်ခတ်မှု ကြောင့် ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ KNLA ဘက်ကလည်း ယမန်နှစ်ကုန်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရာတွင် KTLA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

တပ်မဟာ(၄)နယ်မြေတွင် ဘုံရန်သူစစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်ရမည့်အစား ကရင့်လက်နက်ကိုင်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှု မကြာခဏဆို သလိုဖြစ်ပေါ်နေ သည့်အတွက် ယင်းအပေါ် ပြည်သူလူထုအကြား ဝေဖန်မှုများမြင့် တက်လျက်ရှိသည်။

ယမန်နေ့ဖြစ်စဥ်နှင့်အလားတူပင် ပြီးခဲ့သည့် ဒီဇင်ဘာလ(၈)ရက်နေ့ကလည်း ကစယ်ဒိုမြို့နယ်အတွင်း KTLA တပ်ရင်း(၁၂) တပ်ခွဲ(၄)၏ဒုတပ်ခွဲမှူး တစ်ဦးအား KTLA တပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီးမှပစ်ခတ်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

အထက်ပါ ကရင်အဖွဲ့အချင်းအချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကော်သူးလေအာမီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။