Home သတင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ‌ကျောက်ကြီးဒေသခံ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီး

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ‌ကျောက်ကြီးဒေသခံ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီး

622
Photo: KNU

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)နယ်မြေ၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၁ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်)တွင် ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄)နှင့် ခြေမြန်တပ်ရင်း (ခမရ – ၂၀) မှ ကျောက်ကြီးမြို့နယ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ‌ကျေးရွာ ၅ ရွာသို့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများ၊ (၁၂၀-မမ) လက်နက် ကြီး (၃) လုံး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် လူနေအိမ် (၄) လုံးနှင့် ဘုန်းကြီး ကျောင်း (၂) ‌ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဝိုင်းကျွန်း၊ ညောင်ပင်ကြီး၊ ပျဥ်ရေကျေး၊ ရေလဲအနောက်ဖက်ကမ်း နှင့် နတ်တလင်းစသည့် ကျေးရွာများထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာ ပျဥ်ရေကျေးရွာမှ အသက် (၆၉) နှစ်အရွယ် ဒေါ်စန်းမြင့် ဗုံးစထိမှန်သေဆုံးပြီး မဝင်းပပသိန်း၊ မောင်အောင်မြင့်မြတ်၊ မော်ထက်လင်းနိုင်၊ ဦးကျော်ဇင်လင်း၊ ကိုနေဝင်းထွန်း၊ ကိုအေးသေးသေး၊ မအိနှင့် ဒေါ်ဖွားဖွားတို့ကို လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသလို ကျေးရွာများသို့ နေ့ရောညပါ ပစ်ခတ်လျက်ရှိသည့်အတွက် ဒေသခံလူထုများ စိုးရိမ်ကြောက်ရွံ့စိတ်ဖြင့် နေထိုင်နေကြရသည်ဟု ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ယခုလို ပြောသည်။

Photo: KNU

“ရန်သူရဲ့ လေကြောင်းရော၊ လက်နက်ကြီးပစ်ခတ်မှုတွေရော များလာတယ်လို့ ပြောရမယ်။ ပြည်သူတွေ အသွားအလာ ခက်အောင် ကြောက်လန့်နေရအောင် အမြဲခြောက်လန့်နေတာ။ လက်နက်ကြီးကြောင့် ရွာသားတွေကတော့ အမြဲကြောက်နေရတာပေါ့။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများအား အဓိက ပစ်မှတ်ထား၍ လုပ်ဆောင်နေသည့်အတွက် စစ်ရာဇဝတ်မှုကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေခြင်းဖြစ်သည်ဟုလည်း ကေအဲန်ယူက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၁) ရက်နေ့တွင်လည်း တပ်မဟာ(၁)၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ငှက်ပျော တောရွာသို့ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံး ကာ ၃ ဦးဒဏ်ရာရရှိခဲ့သေးသည်ဟု ကေအဲန်ယူ (ဗဟို)က ထုတ်ပြန်ထားသည်။