Home သတင်း ကတိုင်တိစခန်းကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီက BGF စခန်းဟောင်း၌ အင်အားစု ပြန်ခုခံနေ

ကတိုင်တိစခန်းကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီက BGF စခန်းဟောင်း၌ အင်အားစု ပြန်ခုခံနေ

792

ဇန်နဝါရီ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ ဒွယ်လိုးမြို့နယ်၊ ဖာပွန်-ကမမောင်း လမ်း ပိုင်းရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ သော်လည်း စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခင် BGF ၁၀၁၃ တပ်ရင်း စခန်းဟောင်းနေရာ၌ အင်အား ပြန်စုစည်းကာ ခုခံနေသည်ဟု ကေအဲန်ယူ တပ်မှူးတစ်ဦးက အတည်ပြု ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းကတည်းက ကတိုင်တိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှလည်း လေကြောင်းစစ်ကူနှင့်အတူ စခန်းမကျရေး အပြင်းအထန်ခုခံနေသည်ဟု မြေပြင်သတင်းများအရ သိရသည်။

ယနေ့တွင်မူ စခန်းအတွင်းနှင့် စခန်းဝန်းကျင်ရှိ စစ်ကောင်စီတပ်စွဲ ထားသည့် နေရာများကို KNLA ဘက်က ရှင်းလင်း၍ရခဲ့သော်လည်း ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင် BGF ၁၀၁၃ တပ်ရင်း စခန်းဟောင်း နေရာ၌ အင်အားစုစည်းပြီး ခုခံနေသည်ဟု ကေအဲန်ယူ၊ တပ်မဟာ(၅) ပြောခွင့်ရ ဒု-ဗိုလ်မှူး ကြီး စောကလယ်ဒို့က ယခုလို ပြောသည်။

“ကတိုင်တိစခန်းနေရာတော့ ရှင်းလင်းလို့ရပြီ။ ဒါပေမဲ့ စကစ တွေက BGF (၁၀၁၃) တပ်ရင်းစခန်း နေရာမှာ ပြန်စုပြီးခုခံနေတယ်။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတုန်းပဲ။ ခုခံနေတဲ့ စကစ တပ်အင်အားက တစ်ရာဝန်းကျင်လောက်ရှိမယ်လို့တော့ ခန့်မှန်းတယ်။ BGF စခန်းနေရာဆိုပေမဲ့ BGF တွေမရှိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ BGF တပ်ရင်း- ၁၀၁၃ မှ တပ်ဖွဲ့ဝင်များသည် ကတိုင်တိစခန်းတိုက်ခိုက်ခံရစဉ် ကတည်းက တပ်ရင်းတစ်ရင်းလုံး နေရာရွှေ့ပြောင်းစခန်းချခဲ့ကြခြင်းဖြစ်၍ ထိုစခန်းတွင် လက်ရှိ ကတိုင်တိမှ လူပြန်စုထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ရှိနေသည်ဟု မြေပြင်သတင်းများအရ သိရသည်။

KNLA ပူးပေါင်းတပ် ဘက်ကလည်း စခန်းအပြီးသတ်ရရှိနိုင်ရန် ကြိုးပမ်းတိုက်ခိုက်နေသည်ဟု တပ်မဟာ(၅) ရှေ့တန်းစစ်မြေပြင်သတင်းအရင်းအမြစ်က အတည်ပြုပြောသည်။

KNLA တပ်ဖွဲ့ဝင် တစ်ဦးက “စခန်းက အကုန်တော့မရသေးဘူးဆိုပေမဲ့ တစ်ဝက်ရပြီလို့တော့ ပြောလို့ ရပါတယ်” ဟု ကေအိုင်စီသို့ ယနေ့ညဦးပိုင်းတွင် အတည်ပြု ပြောသည်။

စခန်းသိမ်းတိုက်ပွဲပြင်းထန်နေစဥ် စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၃ ရက် (ယနေ့) မနက်ပိုင်းက ဂျက်လေယာဥ်များဖြင့် စခန်းနေရာပတ်ဝန်းကျင်သို့ အဆက်မပြတ်ဗုံးကြဲချခဲ့သလို ဖာပွန်ဗျူဟာ ကုန်းကလည်း လက်နက်ကြီးများပစ်ကူ တိုက်ခိုက်နေသည်ဟု အခြေအနေမှန်ကို သိထားသူ မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါ ကတိုင်တိ စခန်းဝန်းကျင် စစ်ရေးအခြေနေပြင်းထန်လာကတည်းက စစ်ကောင်က စခန်းသို့ စစ်ကူအင်အားများ ပို့ဆောင်ထားသလို အနီးဝန်းကျင်ရှိ ဒေသခံများလည်း တပ်မဟာ-၁ ဘက်သို့ အများစု သွားရောက်တိမ်းရှောင်နေပြီး ဖြစ်သည်။ ယခုလို စစ်ရှောင်လာသူများကို ကေအဲန်ယူက နေရာချ ထားရေးနှင့် အရေးပေါ်စားနပ်ရိက္ခာအကူအညီများ ပံ့ပိုးထားသည်ဟု နယ်မြေတာဝန်ခံတို့ က ပြောသည်။