AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်နှင့် ဆက်သွယ်မေးမြန်းချက်
“ သမ္မတ( ဦးဝင်းမြင့်)ကြီးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုတာ သူတို့က ပြန်ပေးဆွဲထားတာပဲဗျ။”
ယခုနှစ် ဆန်းပိုင်းတွင် စစ်ကောင်စီက NLD ပါတီ ဥက္ကဋ္ဌဖြစ်သူ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည့် သတင်းများပေါ်ထွက်လာခဲ့သည်။ ထို့နောက် စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသားခွင့်ပြုကြောင်း အမိန့်ကို ဇန်နဝါရီ ၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
သို့သော် အများမျှော်လင့် သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် အထင်ကရ နိုင်ငံရေးသမားများ လွတ်မြောက်လာခြင်းမရှိခဲ့ပေ။ ထိုအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း- AAPP ပြောခွင့်ရ ဦးအောင်မျိုးကျော်နှင့် ဆက်သွယ်မေးမြန်း ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။ ။ စစ်ကောင်စီက ဒီကနေ့မှာလည်း အကျဉ်းသား လွတ်ငြိမ်းအမိန့်ထုတ်ပြန်တာ နိုင်ကျဉ်းတွေ ပါမပါ ဘယ်လို သိထားပါသလဲ၊ ကနဦး ပြောပြပေးပါ။
ဖြေ။ ။ ဒီနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသား ၅,၈၀၀ ကျော်လွှတ်ပေးတယ်။ လွှတ်ပေးတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားက ကျနော်တို့ ပြုစုရရှိတဲ့ စာရင်းအရဆိုလို့ရှိရင် ၁၅၀ နဲ့ ၂၀၀ ကြားလောက်မှာပဲရှိသေး တယ်။ အဲ့ထက်တော့ ပိုတော့ပိုနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ လောလောဆယ် ကျနော်တို့ စာရင်းပြုစုထားထား ကတော့ အဲ့လောက်ပဲ ရှိပါသေးတယ်။
မေး။ ။ လွတ်လပ်ရေးနေ့တိုင်း အကျဉ်းသားတွေကို လွတ်ငြိမ်း ပေးလေ့ရှိတယ်။ ဒီတခါ သတိထားမိတာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလိုလို အသံထွက်လာတာ ဘယ်လို သဘောဆောင်ပါသလဲ။
အဲ့လိုဟာကတော့ အခုမှ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေအမြဲတမ်းလုပ်နေတဲ့ လုပ်နည်း လုပ်ဟန်ကြီးပါပဲ။ ခေတ်အဆက်ဆက်လည်း ဒီလိုပါပဲ နှစ်တိုင်းလွတ်လပ်ရေးနေ့တို့ ဘာတို့ အခါကြီးရက်ကြီးတွေ ရောက်လို့ လွတ်ငြိမ်းချမ်းသာခွင့် ပါမယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီးတို့ကို လွှတ်ပေးမယ်ဆိုတဲ့ အသံက ထွက်တယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေနဲ့ မတူဘူးပေါ့နော်။ တိတိကျကျကြီးကို ပြောဆိုလာတာမျိုးတွေ ကြားရတယ်။ ကျနော်တို့ကတော့ အဲ့လောက်မျှော်လင့်ထားတာ မရှိပါဘူး။
အဓိက ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတကြီး ဦးဝင်းမြင့်တို့ ဆိုလို့ရှိရင် စစ်အုပ်စုက သူတို့သွား ချင်တဲ့ပုံစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်တို့က လိုက်လုပ်မလားဆိုတဲ့ ညှိနှိုင်းမှုတွေကို တောက်လျှောက် လုပ်နေမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲ့လို ညှိနှိုင်းနေတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လုံးဝလက်မခံတဲ့ အတွက်ကြောင့် သူတို့ကို မလွှတ်ဘူးပေါ့ဗျာ။ ဒါက စစ်အာဏာရှင်တွေ လုပ်လေ့လုပ်ထရှိတဲ့ သဘောပါပဲ။
ဒီနှစ်ကတော့ ပိုပြီးတော့ ကျယ်ကျယ်လောင်လောင်ဖြစ်တယ်။ ကျနော်တို့ ပြည်သူတွေကလည်း အများကြီး မျှော်လင့် ကြတယ်။ ဒါပေမဲ့ ဒီနေ့လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာ ကျနော်တို့ ခေါင်းဆောင်တွေ တစ်ယောက်မှ လွှတ်လာတာမရှိဘူးပေါ့နော်။
မေး ။ ။ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတာတွေက နိုင်ငံရေးအရ သူ့တို့အတွက် ဘယ်လို အကျိုးသက်ရောက်တာ တွေ့ရပါသလဲ။
ဖြေ ။ ။ စစ်အာဏာရှင်တွေရဲ့သဘောကတော့ သူတို့ အဖက်ဖက်မှာ ကြပ်တည်းမှုတွေ ဖြစ်လာပြီးဆိုရင် ဒီလိုပဲ အကျဉ်းသားတွေကိုလွှတ်မယ်။ အဲ့ထဲမှာမှ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ထည့်ပြီးတာ့ လွှတ် မယ်ပေါ့ဗျာ။ ဒါက သူတို့ရဲ့ နိုင်ငံတကာအပေါ်မှာရော ပြည်သူလူထုအပေါ်မှာရော ဒီစစ်အုပ်စုတွေရဲ့လှည်စားတဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကိုက စဖမ်းတဲ့အချိန်မှာကတည်းကိုက ဖမ်းကို မဖမ်းရမဲ့ သူတွေ၊ ထောင်ထဲမှာရှိရမဲ့သူတွေ မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ အပြင် မှာရှိနေရမဲ့ သူတွေ၊ သူတို့က မတရား ဒီအကြမ်းဖက်အုပ်စုရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အတွက်ကြောင့်၊ သူတို့ကို ဆန့်ကျင်တဲ့ အတွက်ကြောင့် ထောင်ထဲကိုရောက်ခဲ့ကြတာ ပေါ့နော်။
ဒါတွေက စစ်အုပ်စုရဲ့ လုပ်နည်းလုပ်ဟန်တွေ ခေတ်အဆက်ဆက်မှာ လုပ်တယ်။ နိုင်ငံရေး အကျဉ်း သားတွေကို လွှတ်ပြလိုက် နိုင်ငံတကာနဲ့ ပြည်သူကိုလှည့်စားလိုက် ဒီလိုနေ့တွေမှာဆိုရင် တခြား သတင်းတွေထက်စာရင် စစ်အုပ်စုက သူတို့ အကြမ်းဖက်နေတဲ့ သတင်းတွေထက်စာရင် လွှတ်ငြိမ်းချမ်းသားခွင့်သတင်းတွေက ဖေ့ခ်ဘုတ် တွေမှာရော၊ ဆိုရှယ်မီဒီယာတွေမှာရော သတင်းဌာနတွေမှာရော သတင်းတွေက တက်နေတာပေါ့နော်။ လူတွေက လည်း မျှော်လင့်ကြတယ်။ ဒါပေမဲ့လည်း စစ်အုပ်စုက သူတို့ကို အန္တရာယ်ပြုတဲ့သူတွေကိုတော့မလွှတ်ဘူး။ ဒါကတော့သေချာတယ်။
မေး။ ။ စစ်ကောင်စီက အာဏာသိမ်းစက ဆန္ဒပြသူတွေကို ဖမ်းပြီး ပြန်လွှ တ်ပေးတာတွေလည်း ရှိခဲ့တယ်။ နောက် ပိုင်းတော့ မတွေ့ရတော့ဘူး။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ အစောပိုင်းကာလတွေမှာတော့ ဖမ်းရင် ပုဒ်မ ၅၀၅-က နဲ့ အများစုဖမ်းတာပေါ့နော်။ နောက်ပိုင်း ကျတော့ ဖမ်းကတည်းကိုက အကြမ်းဖက်ပုဒ်မတပ်လိုက်တာ၊ ဖမ်းတယ်ဆိုလို့ယှဉ်ရင် ထားပါတော့ဗျာ၊ ဖေ့ခ်ဘုတ်ပေါ်မှာ NUG နဲ့ပတ်သက်တာ၊ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို Like ပေးတယ်၊ ရှဲလုပ်တယ်။ ကွန့်မန့်တွေ ပေးတယ်ဆိုလို့ရှိရင် ဒီ့အပေါ်မှာ အကြမ်းဖက်ပုဒ်မတွေ တပ်တာပဲ။ တပ်တဲ့အတွက်ကြောင့် နှစ်တွေက အများကြီးကြတယ်။
သူတို့ အခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အခါမှာ အဲ့လိုလူမျိုးတွေ မပါနိုင်ဘူး။ မပါနိုင်အောင် တမင်ရည်ရွယ် ချက်ရှိရှိတဲ့ လုပ်ထားတာမျိုးဖြစ်တယ်။ သူတို့ကို ဆန့်ကျင်တဲ့ သူတွေဆိုလို့ယှဉ်ရင် ထောင်ထဲက မလွှတ်ဘူး။ အခုဆိုလို့ယှဉ်ရင် ၅,၈၀၀ ကျော်လွှတ်တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါရင် ၅၀၀ လောက်ပေါ့၊ ဒါ ကျနော်တို့ စာရင်းအတိအကျ မသိသေးဘူး။
ကျန်တဲ့ ၅,၀၀၀ ကျော်က သာမန် ရာဇဝတ်အကျဉ်းသားတွေဖြစ်တယ်။ ခိုး၊ ဆိုး၊ နှိုက် တွေဖြစ်တယ်။ လူ့ပတ်ဝန်း ကျင်ကို ဒုက္ခပေးနေတဲ့သူတွေကို လွှတ်ပေးလိုက်ပြီးတော့ ပြည်သူတွေ ဘက်ကရပ်တည်နေတဲ့၊ အမှန်တရားဘက်က ရပ်တည်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ မလွတ်ဘူး။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ထည့်လို့ရအောင် ထောင်ရှင်းမယ်။ ဒီလိုပုံစံမျိုးတွေပဲ မြင်တယ်ပေါ့နော်။
မေး။ ။ ကုလအပါအဝင် နိုင်ငံတကာကပါ တိုက်တွန်းပြောဆိုနေတဲ့ သမ္မတဦးဝင်းမြင့်တို့ ဒေါ်အောင်ဆန်းစုကြည် တို့ကို လွှတ်ပေးဖို့ နောက်ပိုင်းမှာရော ဖြစ်လာနိုင်တဲ့အလားလာတွေ ရှိလား။
ဖြေ။ ။ သမ္မတကြီးတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆိုတာ သူတို့က ပြန်ပေးဆွဲထားတာပဲဗျ။ ကျနော်တို့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့၊ နိုင်ငံတကာနဲ့ အကြမ်းဖက် စစ်အုပ်စုက အပေးအယူ လုပ်ချင်တဲ့ အခါမျိုးမှာ ထုတ်ပြီးသုံးဖို့ အတွက် ပြန်ပေးဆွဲထားတာ။ သူတို့က နိုင်ငံရေးအရ ဖမ်းထားတာ မဟုတ်ဘူး။ အကြမ်းဖက် စစ်အုပ်စုက ဘာနိုင်ငံရေးမှမရှိဘူး။ ပြန်ပေးဂိုဏ်းပဲ။ နိုင်ငံရေး အကျဉ်းသား တွေကိုလည်း ပြန်ပေးဆွဲထားတာ ဖြစ်တယ်။ ကျနော်တို့ ခေါင်းဆောင်တွေကိုလည်း ဓါးစာခံတွေအဖြစ် ဖမ်းထားတာ ဖြစ်တယ်။
ဒါကြောင့်မိုလို့ ဓါးစာခံတွေနဲ့ နိုင်ငံတကာနဲ့ အသုံးပြုရတော့မဲ့ အချိန်တွေမှာတော့ ဒီဓါးစာခံတွေကို ထုတ်ပေးမယ်၊ လွှတ်ပေးမယ်၊ စကားပြောမယ်၊ သူတို့ လုပ်ကြမှာပေါ့နော်။ ဒီတော့ အဲလိုမျိုး အခြေ အနေမရောက်ပဲနဲ့ ကျနော်တို့ ခေါင်ဆောင်တွေ အပါအဝင် အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့အတွက် အရေးကြီးဆုံးက နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အတွက်ဖြစ်တယ်။ အောင်မြင်မှ ကျနော်တို့ လက်တွေနဲ့ ကိုယ်တိုင် အကျဉ်းထောင်တံခါးတွေ ဖွင့်ပြီးတော့ ကျနော်တို့ ခေါင်းဆောင်တွေ ရဲဘော်ရဲဘက်တွေကို အပြင်ကို ခေါ်ထုတ်နိုင်မှာ ဖြစ်တယ်ဗျ။
မေး။ ။ အရင် နအဖနဲ့ အခု စကစ နိုင်ကျဉ်းတွေအပေါ် သဘောထား ကွာခြားမှုရှိပါသလား။
ဖြေ။ ။ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ အပုံကြီးကွာတယ်လို့ ပြောရမှာပေါ့ဗျာ။ နဝတ၊ နအဖ ခေတ်မှာလည်း နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်တာပဲ။ ဘာလို့လည်း ဆိုတော့ စစ်အာဏာရှင်တွေက သူတို့တို့ တော်လှန်ပုန်ကန်တဲ့ သူတွေကို သူတို့က ရန်သူလို သဘောထားမယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်မယ်။ တခြားသော နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ခံတဲ့၊ နဝတ၊ နအဖ အပါအဝင် စစ်အုပ်တွေကို ဆန့်ကျင်တဲ့ အားပေးတဲ့ သူတွေကိုပါ၊ ကြောက်လန့်သွားအောင် သူတို့က ပုံစံအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်တာလုပ်တယ်။
ဒါပေမဲ့ အခုမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကျတော့ အဲ့ဒါတွေထက်ပိုပြီးတော့ ဆိုးတယ်။ အရင်တုန်းက ကျနော်တို့ အဖမ်းခံရတယ်။ စစ်ကြောရေး ရောက်တယ်။ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းမှုခံရတယ်။ ခံရတဲ့ အခါမှာ ကျနော်တို့ သွားချင်တဲ့နေရာက အိမ်ပြန်ချင်တာ မဟုတ်ဘူး။ ကျနော်တို့ အိမ်မပြန်ရဘူးဆိုတာ ကျနော် တို့ သိတယ်။ ဒါပေမဲ့ ကျနော်တို့ ဘယ်ကို သွားချင်လဲဆိုတော့ ထောင်ပဲ သွားချင်တယ်။ ထောက်ကို မြန်မြန် သွားလို့ ယှဉ်ရင် စစ်ကြောရေးမှာ နှိပ်စက်ခံရတာတွေ ရပ်သွားမယ်၊ ထောင်ကို ရောက်သွားရင် ကိုယ့်အဝန်းအဝိုင်း နဲ့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေရမယ်။ အသက်ရှင်အောင် နေထိုင်လို့ ရတယ်ပေါ့ဗျာ။
ဒါပေမဲ့ အခုအဲ့လို မဟုတ်တော့ဘူး။ စဖမ်းတဲ့ အချိန်မှာလည်း ညှဉ်းပန်းနှိပ်စက်တယ်။ စစ်ကြောရေးမှာလည်း နှိပ် စက်တယ်။ အဲ့လိုပဲ ထောင်ရောက်သွားတဲ့ အခါမှာလည်း ညှဉ်းပန်းနှိပ်စက်မှုတွေခံရတယ်။ ထောင်ထဲမှာလည်း အသက်မသေသွားဘူးလို့ ဘယ်လိုမှ အာမခံလို့ မရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်။ မင်းအောင်လှိုင်ကတော့ အာဏာရှင်တွေထဲမှာပိုပြီးတော့ ရက်စက်ကြမ်းကြုတ်တစ်ယောက်လို့ ပြောရမှာပေါ့နော်။
သူလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကျဉ်းဦးစီးက ဝန်ထမ်းတွေဆိုတာလည်း သူတို့စိတ်ကြိုက် ခိုင်းစေတဲ့အတိုင်း လိုက်လုပ်နေတယ်။ သူတို့ နေရာတည်မြဲရေးအတွက် သူတို့ တကိုယ်ရေကောင်းစားရေးအတွက် နိုင်ငံရေး အကျဉ်းသား တွေအပေါ်မှာ အပေါ်ကနေခိုင်းတဲ့ အတိုင်းပဲ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်တယ်။
ဒါကြောင့်မို့လို့ ထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေက အင်မတန်ကမှကို ဆိုးရွားလွန်းတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေခံနေရတယ်။ ကျန်းမာရေးအရ လုံလောက်တဲ့ စောင့်ရှောက်မှုတွေ မရှိဘူး။ လုံလောက်တဲ့ ဆေးဝါး ကုသမှု လုံးဝမရှိဘူး။ ပြီးတော့ လုံလောက်တဲ့ အဟာရ စားသုံးရ တာမျိုးတွေမရှိဘူး။ ဒါတွေက တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တွေ့ကြုံခံစားနေရတဲ့ အခြေအနေမျိုးတွေ ဖြစ်တယ်။ အဲ့တော့ ရှေ့ခေတ်တွေနဲ့ နှိုင်းယှဉ်လို့ရှိရင် အခုက အပုံအများကြီး ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေတာပေါ့နော်။
မေး။ ။ အကျဉ်းသားတွေ လွှတ်ပေးတာနိုင်ငံရေးအရ ဘယ်လို အကျိုးအမြတ်တွေ စကစ ရရှိနေတယ်လို့ မြင်လဲ။
ဖြေ။ ။ သူတို့ အတွက်ကတော့ လှည့်စားမှုတစ်ခုကို လုပ်လိုက်နိုင်တယ်ပေါ့ဗျာ။ နိုင်ငံတကာကို ပြလိုက်နိုင်တယ်လို့ ထင်နေတာပေါ့၊ ဒါပေမဲ့ နိုင်ငံတကာက အဓိက ကြည့်နေတာက ကျနော်တို့ ခေါင်ဆောင်တွေ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် သမ္မတကြီး ဦးဝင်းမြင့်အပါအဝင်၊ နိုင်ငံရေး ခေါင်းဆောင်တွေ ဘယ်နှစ်ယောက်၊ ဘယ်သူတွေ ကို လွှတ်ပေးတာလည်း နိုင်ငံတကာက စောင့်ကြည့်နေတာပဲ။
ပြီးတော့ ဒီလိုမျိုး နိုင်ငံရေး အကျဉ်းသား အနည်းငယ်လွှတ်ပေးလိုက်ယုံနဲ့ နိုင်ငံတကာထောက်ခံမှုကိုရမှာ မဟုတ်ဘူး။ ဒါကတော့ လုံးဝ အသေအချာပဲ။ ဘယ်နိုင်ငံကမှ ထောက်ခံမှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ နိုင်ငံ တကာက လိုချင်နေတာက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိလွှတ်ပေးတာမျိုးကို လိုချင်တာ။ အဲ့လို လွှတ်ပေးမှလည်း စကားဝိုင်းတွေပေါ်မှာ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေက အဆင်ပြေမှာ အဲ့တော့ အဲ့ဒီ့အဆင့် ကိုမရောက်ပဲနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှု ဘယ်လိုမှ ရမှာ မဟုတ်ဘူး။
မေး။ ။ တခြားဖြည့်စွက်ပြောချင်တာရှိသေးသလား။
ဖြေ။ ။ အဓိကတော့ လွှတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ရာဂဏန်းလောက်ပေါ့၊ ကျနော်တို့ စာရင်းအရ ၂၀၀ ပတ်ခြာလည်လောက်ပေါ့၊ လွှတ်လာတဲ့ သူတွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ ဒီလိုပဲ ထောင်ထဲမှာ ကျန်ခဲ့ တဲ့ ၂၀,၀၀၀ ဝန်းကျင်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မြောက်ရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်ရ ဦးမယ်။
ခုနက ကျနော်ပြောသလိုပဲ၊ ဒီနိုင်ငံရေး အကျဉ်းသားတွေ တစ်ယောက်မကျန် ခြွင်းချက်မရှိ လွတ်မြောက်ဖို့၊ ပြည်သူတွေ ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ လွတ်မြောက်ဖို့၊ သတ်ဖြတ်မှုတွေ ကနေ ကင်းဝေးဖို့ အတွက်က နွေဦးတော်လှန်ရေးအောင်မြင်ဖို့က အင်မတန်အရေးကြီး ပါတယ်တယ်။ နွေဦးတော်လှန် ရေးအောင်မြင်မှ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အပြင်ကိုခေါ် ထုတ်နိုင်မှာ ဖြစ်တယ်။
ဒါကြောင့်မို့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အတွက် နိုင်ငံထဲမှာ ရှိတဲ့ ပြည်သူတွေက ကျရာအခန်းကဏ္ဍ ကနေ ပြီးတော့ ကိုယ်လုပ်နိုင်သလောက် နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းကူညီအား ဖြည့်ပေးကြဖို့ ကျနော့်အနေနဲ့ ဒီနေရာကနေ တောင်းဆိုလိုတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လည်း အခုလက်ရှိ အကြမ်းဖက်စစ်အုပ်စုကို ဒီထက်ပိုတဲ့ ဖိအားတွေ ပေးပြီးတော့ နွေဦးတော်လှန်ရေး အောင်မြင်ပြီးတော့ မည်သည့် အာဏာရှင်မှမရှိတဲ့ ဖက်
ဒရယ်နိုင်ငံ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ရှိ ရှိနေတဲ့အကြမ်းဖက်စစ်အုပ်စုကို ဒီထက်ပိုတဲ့ ဖိအားတွေ ဝိုင်းပေး ကြဖို့ ကျနော့် အနေနဲ့ တောင်းဆိုလိုပါတယ်ဗျ။