ဇန်နဝါရီ ၂၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်းမြောက် ကျောက်မဲမြို့ပေါ် ပြည်သူ့ဆေးရုံနှင့် လူစည်ကားရာနေရာများကို ဇန်နဝါရီ ၂၅ ရက် နှင့် ၂၇ ရက်နေ့တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကို သျှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်း ၈ ဖွဲ့က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ပြောသည်။
ယခုလို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် စစ်ကောင်စီသည် ပြည်သူများနေထိုင်သည့် ရပ်ရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဖြင့်လည်း ပစ်ခတ်နေပြီး လူ့အခွင့်အရေးချို့ဖောက်နေသည်ဟု ဇန်နဝါရီ ၂၉ ရက် (ယနေ့) ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ယခုလိုစစ်ကောင်စီ ၏ လုပ်ရပ်များကြောင့် ဒေသခံများအနေဖြင် ဘေးလွှတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့်အပြင် စစ်ကောင်စီ ၏ မြေမြှုပ်မိုင်းများကြောင့် နေရပ်မပြန်ရဲကြသေးသည့်ဒေသခံ အများအပြား ရှိနေကြောင်း သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် SHAN HUMAN RIGHTS FOUNDATION -SHRF မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။
“အခုလက်ရှိမှာ စစ်ကောင်စီဘက်ကနေလက်နက်ကြီး ပစ်ခတ်နေတာရှိသလို လေကြောင်းကနေလည်း ဗုံးကြဲ တိုက်ခိုက်တာတွေရှိတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက တချို့ဒေသတွေမှာ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေ ရှိနေ သေးတဲ့အတွက် နေရပ်မပြန်ရဲကြသေးတဲ့ ဒေသခံအများအပြား ရှိနေပါတယ်” ဟု၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဒေသခံများအနေဖြင့်လည်း လေကြောင်းအန္တရာယ်ကို သတိပြုကြရန်၊ လူစုလူဝေးဖြစ်ပေါ်ရာ နေရာများ တွင် နေထိုင်ခြင်း၊ လေကြောင်းပစ်မှတ် ဖြစ်ပေါ်စေနိုင်သည့် နေရာများတွင်နေထိုင်ခြင်းများကိုမပြုလုပ်ကြရန် နှင့် လေကြောင်း ကြိုတင်ကာကွယ်ရေး သတိပေးလမ်းညွှန်မှုများကို လိုက်နာရန် သျှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်း ၈ ဖွဲ့၏ စုပေါင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် လက်ရှိကာလအတွင်း ပြည်သူလူထုနှင့် အတူရောနှော၍ နေထိုင်ခြင်းများမပြုလုပ်ကြရန် အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားသည်။
၎င်းအပြင် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် သျှမ်းတပ်မတော်တို့အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း ဒေသခံပြည်သူများ၏ အသက်အန္တရာယ်လုံခြုံစေရန်အတွက် ကူညီ စောင့်ရှောက်ပေးရန် တိုက်တွန်းလိုသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



















