ဇန်နဝါရီ ၂၂ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင့်ရိုးရာလက်ဝှေ့ မြန်မာပြည် အလွတ်တန်းချန်ပီယံ တစ်ဦးဖြစ်ပြီး ဂန္တဝင်လက်ဝှေ့ကျော် သမန်းကျား (ခ) စောလှမင်း (၇၃) နှစ်သည် ဆီးကျိတ်ကင်ဆင်ရောဂါဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ တမိုင်ဝန်ထမ်း ရပ်ကွက်ရှိ နေအိမ်၌ ဇန်နဝါရီ ၂၁ ရက် ၊ နံနက် ပိုင်းအချိန်တွင် ကွယ်လွန်သွားသည်ဟု ဇနီးဖြစ်သူက ပြောသည်။
သမန်းကျားသည် ကရင့်ရိုးရာ လက်ဝှေ့ လောကသို့ လူငယ်ဘဝ ကတည်းက ဝင်ရောက်ခဲ့သူဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်တွင် ရိုးရာလက်ဝှေ့ ချန်ပီယံ ဖြစ်ခဲ့သည်။ သူသည် ထိုချန်ပီယံဆုကို ဆယ်စုနှစ် တစ်ခုကျော်ကြာ ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်ပြီး အသက် ၅၉ နှစ်အရွယ်ထိ လက်ဝှေ့ထိုးခဲ့သူဖြစ်သည်။ ထို့နောက် ဆီးကြိတ်ကင်ဆာ ရောဂါကို ခံစားနေရပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ကေအိုင်စီသို့ ယခုလို ပြောသည်။
“ သူဆီးကျိတ်ကင်ဆာဖြစ်တာ အခုနဲ့ဆို တစ်နှစ်ကျော် ရှိပြီ။ ကြားထဲမှာ ဆေးထိုးဆေးသောက် ဓာတ်ကင်တာ တွေလည်း အကြိမ်ရေတော်တော်များများ လုပ်ခဲ့တယ်။ အဲဒီ ရောဂါကို တော်တော်ကြာအောင် ခံစားခဲ့ပြီးမှ ကွယ်လွန်ခဲ့တာ” ဟု ဇနီးဖြစ်သူက ကေအိုင်စီသို့ ပြောသည်။
ကရင်ရိုးရာ မြန်မာပြည်ချန်ပီယံဟောင်း သမန်းကျားသည် လက်ဝှေ့လောကမှ အနားယူပြီးနောက် ကွယ်လွန် ချိန်အထိ ခရစ်ယာန်သာသနာပြုခြင်းကို မြို့ရွာအနှံ့ ဝေငှဟောပြောခြင်း လုပ်ဆောင်ခဲ့သည့်အပြင် ဘုရားသခင်၏ အမှုတော်မြတ်၌ သစ္စာရှိစွာ အမြဲလိုလို ပါဝင်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ကြောင်း မိသားစုဝင် များထံမှ သိရ သည်။
“စိတ်မကောင်းတော့ ဖြစ်တာပေါ့။ သူက နောက်ပိုင်း ဘုရားတရားနဲ့ပဲ နေတာများတယ်။ ကိုယ့်နဲ့တူတူ ဘုရား လိုက်ရှိခိုးတာတွေလည်း လုပ်ဖူးတယ်။ သူ့ကို လူကြီးတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးလမ်းညွှန်မှု တွေ လုပ်ပေးဖူးတာ ရှိတယ်” ဟု သာသနာပြုခြင်းကို အတူလုပ်ကိုင်ခဲ့သူ အသင်းအုပ်ဆရာတစ်ဦးက မှတ်ချက်ပြု ပြောသည်။
သမန်းကျား ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး (၃)ဦး ကျန်ရှိပြီး သူ၏ ဈာပနအခမ်းအနားကို လာမည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တိုက်ကြီးမြို့ရှိ ခရစ်ယာန်သုသာန်၌ ဝတ်ပြုဆုတောင်းကာ ဂူသွင်းသင်္ဂြိုလ်မည် ဖြစ်သည်ဟု ကျန်ရစ်သူ မိသားစုဝင်များထံမှ သိရသည်။
ဂန္တဝင် ရိုးရာ လက်ဝှေ့ကျော် သမန်းကျား (ခ)စောလှမင်းသည် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ရွှေတောရွာ ဇာတိ ဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် – ၄၀ ခန့်က ကရင် ပြည်နယ်တခွင်နှင့် မြန်မာပြည်တဝန်း ရိုးရာလက်ဝှေ့ လောက၌ ထင်ရှားခဲ့သူ တစ်ဦး ဖြစ်သည်ဟု ရိုးရာလက်ဝှေ့ ကစားသမားများထံမှ သိရသည်။



















