ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ထီးချီဘော (တဂေးလောင်း)ကျေးရွာ အလယ်တန်းစာသင်ကျောင်း ယနေ့ ဇန်နဝါရီလ ၁၆ ရက်၊ ညနေတွင် ဒရုန်းယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျောင်းဆောင်တခြမ်း ထိခိုက် ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ယနေ့ညနေ ၅ နာရီကျောင်းဆင်းချိန်တွင် ဒရုန်းယာဉ် ၂ စင်း ရုတ်တရက် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဖြစ်သူ စောထွန်းအေးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အဲဒီအချိန်က ကျောင်းလွှတ်ပြီ။ ကျနော်တို့ကလည်း ပြန်လာကြပြီ။ အရင်ကလည်းလာတယ်။ ဘာမှမလုပ်ဘူးလို့ ထင်တာ။ အခုအခါကျတော့ နှစ်လုံးလာကြဲချသွားတယ်။ တစ်လုံးက စာသင်ကျောင်းကို ထိမှန်တယ်။ ကျောင်းက တခြမ်းပြိုကျသွားတယ်။ တစ်လုံးကျတော့ ရွာပြင်မှာ ကျတယ်။” ဟု ကျောင်းအုပ်က ပြောသည်။
အဆိုပါ လာရောက်ကြဲချသွားသော ဒရုန်းသည် တကြိမ်သုံး ဒရုန်းယာဉ်အမျိုးအစားဖြစ်ပြီး ထိုဖြစ်စဉ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။
ယခုလို ဗုံးကြဲတိုက်ခိုက်ခံမှုဖြစ်စဉ်ကြောင့် ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးအတွက် စာသင်ကျောင်းဆက်ဖွင့်လှစ်နိုင်ရန် စိုးရိမ်ရသလို လက်ရှိတွင်လည်း ဒေသခံရွာသားများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်ဟု ကျောင်းအုပ်ဖြစ်သူက ဆက်ပြောသည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တုန်းကလည်း ၎င်းထီးချီဘောအလယ်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သေးသည်။



















