Home သတင်း ပုလောတွင် စစ်ကြောင်းပြန်ဆုတ်စဉ် အိမ် ၅ လုံးနှင့် ရာဘာခြံ ဧက ၅၀ ခန့်ကို စစ်တပ်မီးရှို့

ပုလောတွင် စစ်ကြောင်းပြန်ဆုတ်စဉ် အိမ် ၅ လုံးနှင့် ရာဘာခြံ ဧက ၅၀ ခန့်ကို စစ်တပ်မီးရှို့

482
Photo: မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း

ဇန်နဝါရီ ၁၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သည် ထိခိုက်ကျဆုံးမှုများလာ၍ စစ်ကြောင်းပြန်ဆုတ်စဉ် လမ်းကြောင်းပေါ်ရှိ နေအိမ် ၅ လုံးနှင့် ရာဘာခြံဧက ၅၀ ခန့် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင် တပ်ရင်း(၁)က ထုတ်ပြန် ပြောသည်။

အင်အား ၁၂၀ ဦးဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် ပုလောမြို့နယ် ကျေးရွာများသို့ ဇန်နဝါရီ ၁၁ ရက်နေ့ မှစ၍ စစ်ကြောင်းထိုးလာပြီး ဒေသတွင်းရှိ တောလှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံး ၂၀ လုံးကျော် ကြဲချ တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်နည်း သေဆုံးသွားပြီး စစ်ကြောင်း ပြန်ဆုတ်စဉ် လမ်းတလျှောက်ရှိ ပြည်သူများ၏ နေအိမ်နှင့် ရာဘာခြံများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁)က ပြန်ကြားရေးတာဝန်ခံက ယခုလို ပြောသည်။

Photo: မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း

“နေအိမ်ငါးလုံးနဲ့ ရာဘာခြံဧက ငါးဆယ်နီးပါးလောက်ကို မီးရှို့သွားတယ်။ မနေ့က ညနေ ၆နာရီအချိန်ထိ ဆက်ပြီး တော့မီးမလောင်အောင် လုပ်နေပါတယ်။ ဒေသခံတွေကိုလည်း ဖမ်းသွားတယ်လို့ သတင်းရထားပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

လက်ရှိ ပုလောမြို့နယ်တွင် စစ်ကောင်စီ၏ တပ်များကို တပ်မဟာ-၄ ရှိ၊ ကရင်အမျိုး သားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း-၇ နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်များက ညီညွတ်စွာတွန်းလှန်တိုက်ခိုက်နေသည်ဟု တော်လှန်ရေးတပ်များဘက်က ပြောသည်။

ထို့အပြင် တော်လှန်ရေး ပူးပေါင်းတပ်များအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့တွင် ပုလောမြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၁၇)ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ဗုံး အလုံး ၇၀ ကြဲချတုန့်ပြန်ခဲ့ပြီး တောလှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။