Home ဆောင်းပါး ၇၆ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အတွက် ကြိုဆိုဂုဏ်ပြုတဲ့ ဖိတ်ခေါ်ချက်

၇၆ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အတွက် ကြိုဆိုဂုဏ်ပြုတဲ့ ဖိတ်ခေါ်ချက်

182

၇၆ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အတွက် ကြိုဆိုဂုဏ်ပြုတဲ့ ဖိတ်ခေါ်ချက်

စောကပီ

(ဇန်နဝါရီလ ၃၁ရက်၊ ၂၀၂၅)

ဒီနှစ်တော့ ၁၉၄၉ ဇန်နဝါရီလ ၃၁ရက်နေ့မှာ စခဲ့တဲ့ ကရင်အမျိုးသားတော်လှန်ရေးကြီးဟာ ၇၆နှစ်တိုင်ခဲ့ပြီ ဖြစ်တယ်။ ကရင့်တော်လှန်ရေးရဲ့ ရာစုနှစ်တစ်ခုနီးပါး ကာလအတွင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်ဆိုတာကတော့ ပြောစရာတောင် မလိုတော့ဘူး ထင်ပါတယ်။ ဒီကြားထဲမှာ ဆုံးရှုံးမှု၊ အောင်မြင်မှု မှတ်တိုင်တွေကတော့ အများကြီးရှိပါ တယ်။ ပန်းတိုင်ကိုရောက်ဖို့ဆိုရင်တော့ ကျနော်တို့ ဆထက်ထမ်းပိုး ဆက်ပြီးကြိုးစားကြရဦးမှာပါ။

ခုလိုအချိန်မှာ အသက်ပေးကျဆုံးပြီး ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ တော်လှန်ရဲဘော်တွေကို ဂုဏ်ပြုရင်း နောက် ကြောင်းကိုတွေးတာထက် အနာဂတ်ကိုမျှော်လင့်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ပေးဆပ်ခဲ့သူတွေက ကျနော်တို့ ပန်းတိုင်အရောက် ရှေ့ဆက်လှမ်းနိုင်ဖို့ လမ်းခင်းပေးခဲ့ကြတာပဲဆိုတာကို နားလည်ရင် ပိုပြီးကြိုးစားဖို့က ကျနော်တို့ရဲ့ တာဝန် ဖြစ်လာပါတယ်။

အဲ့တော့ ကျနော့်အနေနဲ့ သမားရိုးကျ တော်လှန်ရေးအပြင် အရေးကြီး ဦးစားပေးဆောင်ရွက်ဖို့လိုနေတဲ့ အကြောင်း အရာသုံးခုကို တင်ပြပြီး တော်လှန်ရေးခရီးကို အရှိန်တိုးမြှင့် ရှေဆက်လှမ်းကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားရောက် ခေတ်ပညာတတ် ကရင်လူငယ်မောင်မယ်များကို ဖိတ်ခေါ်လိုပါတယ်။

ကျနော်တို့ ကျော်လွှားရမယ့် စိန်ခေါ်မှုတွေက ကြီးမားပါတယ်။ ခက်လည်းခက်ခဲပါတယ်။ ရှိသမျှအင်အားကို အကုန် ပေါင်းစပ်ရင်း နည်းပညာနဲ့ တတ်ကျွမ်းမှု အထောက်အကူကို ရနိုင်သလောက်ရယူပြီး စင်နာဂျီ(synergy)ကို တည် ဆောက်ယူရမှာပါ။ ပြောင်းလဲနေတဲ့ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ချင့်ချိန်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ မျိုးဆက်သစ်လူငယ်တွေရဲ့ တီထွင်ကြံဆနိုင်မှု အခြေအနေနဲ့ လိုက်လျောညီထွေ ဆောင်ရွက်နိုင်မှုနဲ့ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်စွမ်း စတာတွေကိုလည်း တန်ဖိုးထား အသုံးချနိုင်ဖို့ လိုအပ်ပါ တယ်။

တော်လှန်ရေးရဲ့ အခြေခံမူအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမှာက တစ်ပိုင်းပါ။ နည်းပရိရယ်စုံကို အခြေအနေ အချိန်အ ခါပေါ် မူတည်ပြီး လိုအပ်သလို ပြောင်းလဲအသုံးချနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဒီမှာတော့ တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ မဟာဗျူဟာမြောက် ဦးစားပေးဆောင်ရွက်သင့်တယ်လို့ ယူဆရတဲ့ အချက်သုံးချက်ကို ရိုးရိုးရှင်းရှင်း တင်ပြချင်ပါတယ် —

၁။ မြန်မာစစ်ကောင်စီကို နိုင်ငံတကာက လက်မခံနိုင်တော့တဲ့အချိန်ဖြစ်သလို စစ်ရေးအရလည်း အင်အားချိနဲ့နေချိန် ဖြစ်တာမို့ ကျနော်တို့နယ်မြေထဲမှာ ကျူးကျော်ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေကို ဖယ်ရှားပြီး ကော်သူးလေ နယ်မြေအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းသွားဖို့ လိုပါတယ်။

စစ်ကောင်စီတပ်များ ကော်သူးလေနယ်မြေထဲမှာ ဆက်လက်ရှိနေခြင်းဟာ ကျနော်တို့အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တိုက်ရိုက် ခြိမ်းခြောက်မှုဖြစ်သလို သမိုင်းကြောင်းတစ်လျှောက် ကရင်လူမျိုးများအပေါ် ဖိနှိပ်မှုရဲ့သင်္ကေတ လည်း ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေကို မဖြစ်မနေ ဖယ်ရှားသွားနိုင်ဖို့ အရေးကြီးပါတယ်။ စစ်ကောင်စီတပ်များ ကျနော်တို့နယ်မြေထဲမှာ တပ်စွဲထားသ၍ ကျနော်တို့ရရှိလိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကျနော်တို့ လိုလားတဲ့ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ စိန်ခေါ်မှုများစွာ ရှိနေတာမှန်ပေ မယ့် မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စလို့ပဲ ကျနော်မြင်ပါတယ်။

ဒေသခံကရင်ပြည်သူတွေ စစ်ဒဏ်ခံရပြီး နစ်နာမှာစိုးရိမ်လို့ မိမိတို့ဒေသတွင်းမှာ တိုက်ပွဲမဖြစ်စေချင်ဘူးဆိုတာ အပေါ်ယံနားထောင်ကြည့်ရင် မှန်သလိုလို ရှိပေမဲ့ လက်တွေ့မှာ လွဲမှားနေတဲ့ အယူအဆဖြစ်ပါတယ်။ စစ်ကောင်စီတပ် တွေ ရှိနေ၊ ကြီးစိုးနေတဲ့နေရာကို ကျနော်တို့အုပ်ချုပ်စီမံနေရသကဲ့သို့ တွေးလို့မရပါ။ စစ်ကောင်စီနဲ့ပတ်သက်လာရင် ကျနော်တို့ ဆုံးဖြတ်ချက် ပြတ်သားဖို့လိုသလို ရန်ငါစည်းပြတ်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို တိတိကျကျသိပြီး ကျနော်တို့အချင်းချင်းကြား နားလည်မှု၊ သဘောတူညီမှု အပြည့်အဝ ရရှိထားမယ်ဆိုရင် ပြတ်သား လို့ရနိုင်ပါတယ်။

၂။ ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို စနစ်တကျ အုပ်ချုပ်စီမံခန့်ခွဲနိုင်ရေး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျေးရွာအုပ်စု၊ မြို့နယ်ကနေ ခရိုင်နဲ့ ဗဟိုအဆင့်အထိ အုပ်ချုပ်ရေးကို စနစ်တကျဖြစ်အောင် ဆောင်ရွက်နိုင်ဖို့က ကျနော်တို့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ကျနော်တို့တစ်ဦးချင်းစီရဲ့ အရည်အချင်းပေါ်မှာ မူတည်သလို အင်စတီကျူးရှင်း အားကောင်းမှုနဲ့ အလုံးစုံပြည်သူများရဲ့ ပါဝင်မှုအပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ ကော်သူးလေနယ်မြေထဲမှာပဲ ကရင်မဟုတ်တဲ့ အခြားသောလူမျိုးနွယ်စုများ နေထိုင်ပါက ကော်သူးလေနိုင်ငံရေးမှာ ၎င်းတို့၏ ကိုယ်စားပြုရရှိရေးကိုလည်း ထည့်သွင်းစဉ်းစားတာမျိုးပေါ့။ အုပ်ချုပ်ရေးယန္တရားတွေကို တည်ဆောက်တဲ့ အခါမှာလည်း ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တန်းတူညီမှုပေါ်မှာ အခြေခံပြီး တည်ဆောက်ဖို့ အရေးကြီးပါတယ်။

တစ်ဦးတစ်ယောက် တစ်ဖွဲ့ထဲကပဲ အလွဲသုံးစား မလုပ်နိုင်ဖို့ လုပ်ပိုင်ခွင့်အာဏာကို ခွဲဝေသုံးစွဲတဲ့ အစီအမံများ ထားရှိခြင်းမျိုးကို ဆိုလိုတာပါ။ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်ဦးရွက်မှုက အရေးကြီးသလို ဒီကေဘီအေနဲ့ ပီစီ ကဲ့သို့သော ခွဲထွက်အဖွဲ့များရဲ့ ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ကွဲပြားနေတဲ့ ကရင်အုပ်စုတွေက ပြည်သူကို ဦးဆောင်နိုင်ဖို့ ခက်ပါလိမ့်မယ်။ အနည်းဆုံးတော့ အုပ်ချုပ်ရေးမှာ စနစ်တစ်ခုတည်းချပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ မိမိလူမျိုး၊ မိမိနေရာဒေသကို ထိထိရောက်ရောက် အုပ်ချုပ်စီမံတာ မလုပ်နိုင်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုက်ယူနေရင်လည်း အဓိပ္ပါယ်ရှိမှာ မဟုတ်သလို ရလဒ်ကောင်း လည်း ထွက်မယ်မထင်ပါ။

၃။ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနဲ့သာမက အိမ်နီးချင်းနိုင်ငံက ပြည်သူလူထုရော အစိုးရနှင့်ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ပါ။ နိုင်ငံရေး တော်လှန်ရေး မိတ္တဗလ လို့ပဲဆိုရင်လည်း မမှားပါဘူး။ ဘယ်တော်လှန် ရေးမှ နိုင်ငံရေးလေဟာနယ်မှာ သီးသန့်ကြီး ရပ်တည်လို့မရပါဘူး။ တော်လှန်ရေး ရပ်တည်နိုင်ဖို့ ဘဝတူလူမျိုးစုတော် လှန်ရေးအဖွဲ့တွေအပြင် အိမ်နီးချင်းနိုင်ငံနဲ့ပါ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ဘဏ္ဍာရေး အထောက်အပံ့၊ နည်းပညာအထောက်အကူ၊ နိုင်ငံရေးအရ ထောက်ခံမှု စသည်တို့ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံဟာ ကျနော်တို့ တော်လှန်ရေးအတွက် မဟာဗျူဟာမြောက် အရေးပါမှုရှိ တယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံကို စိတ်ကြိုက်ရွေးချယ်ခွင့်မရှိသလို ရွှေ့ပြောင်းလို့ လည်း မရနိုင်ပါ။ ဘယ်လိုဘယ်ပုံဆက်ဆံရေးမျိုး တည်ဆောက်မှာလဲ ဆိုတာကိုတော့ ရွေးချယ်လို့ရပါတယ်။ နိုင်ငံရေး အရ ဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးမျိုးကို ပြောတာပါ။ တစ်ဖက်သတ် အောက်ကြို့ပေါင်းတာမျိုးကို မဆိုလိုပါ။

အဲဒီတော့ အိမ်နီးချင်းနိုင်ငံက ကိုယ့်ကို တန်းတူဆက်ဆံဖို့ဆိုတာမှာ ကိုယ့်ဖက်ကလိုအပ်တဲ့ပြင်ဆင်မှုရှိဖို့လည်း အရေးကြီးပါတယ်။ ကျနော်တို့ကို တန်းတူဆက်ဆံခံရလောက်တဲ့ အနေအထားမျိုး ရှိဖို့လိုပါတယ်။ ကိုယ်ကပဲ သူ့ကို တစ်ဖက်သတ်အားကိုးနေရပြီး သူ့ဖက်ကကိုယ့်ကို ဘာမှအားကိုးစရာမရှိရင်တော့ အပြန်အလှန်လေးစားမှုရှိတဲ့ ဆက် ဆံရေးမျိုး တည်ဆောက်နိုင်ဖို့ ခက်ပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုနဲ့ အကျိုးဖြစ်ထွန်းနိုင်မှုကိုကြည့်ပြီး အပြန် အလှန် တန်ဖိုးထားမှုရှိတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မှသာ နှစ်ဖက်စလုံးအတွက် ရေရှည်အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့တော်လှန်ရေးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။

အတိအကျပြောရရင်တော့ နယ်စပ်ဖြတ်ကျော်စီမံခန့်ခွဲမှု — လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ကုန်သွယ်ရေး စတာတွေ ကို ကရင်အမျိုးသားအစည်းအရုံးကနေ အာဏာပိုင်အဖွဲ့အစည်းတစ်ခုအနေဖြင့် စနစ်တကျ ဥပဒေပြုစုပြဌာန်းပြီး အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ကြောင်း ပြသဖို့လိုပါတယ်။ တရားဝင်မှုဆိုတာကို ကျနော်တို့ကိုယ်တိုင် ပြဌာန်း ထားတဲ့ဥပဒေနဲ့အညီ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် မဆန့်ကျင်ဘဲ ရယူရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ကျနော် တို့ဟာ တာဝန်ယူတာဝန်ခံမှုရှိတဲ့ အိမ်နီးချင်းကောင်း ဖြစ်တယ်ဆိုတာကို သက်သေထူနိုင်မှာပါ။

ကျနော်တို့လိုချင်တဲ့ ကော်သူးလေကို ကျနော်တို့ပဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အပတ်တကုတ်ကြိုးစားပြီး တည်ဆောက်ကြရမှာ မလွဲဧကန်ပါ။ ကျနော်တို့ကိုယ်တိုင် ကိုယ့်ခြေကိုယ့်လက်နဲ့ တည်ဆောက်နိုင်မှ ကျနော်တို့ကိုယ် တိုင် နေထိုင် လုပ်ကိုင် စားသောက်ဖို့ အဆင်ပြေတဲ့ ကော်သူးလေဖြစ်မှာပါ။

ကော်သူးလေကို အဝေးထိန်းစနစ်နဲ့ တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကော်သူးလေ တည်ဆောက်နိုင်ဖို့ ကရင်တစ်မျိုးသားလုံးရဲ့ နည်းမျိုးစုံနဲ့ပါဝင်မှု လိုအပ်ပါတယ်။ အတတ်ပညာမျိုးစုံ၊ ကျွမ်းကျင်မှုမျိုးစုံ လိုအပ်ပါတယ်။ လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘဏ္ဍာရေး အစစအရာရာမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ အတိတ်က ပေးဆပ်ခဲ့သူတွေ ပြီးပြတ်အောင် မလုပ်နိုင်ခဲ့သေးတဲ့ ဒီတော်လှန်ရေးကို ကျနော်တို့အားလုံးရဲ့ ကြိုးစားအား ထုတ်မှု၊ စစ်ရေးအရရော နိုင်ငံရေးအရပါ ပြတ်ပြတ်သားသား ဦးဆောင်နိုင်မှုနဲ့ ပေါင်းစပ်ပြီး အမြန်ဆုံး ပန်းတိုင်ရောက် အောင် စွမ်းဆောင်နိုင်ကြပါစေကြောင်း။