“သေချာပြောနိုင်တာတစ်ခုက ဒီတိုင်းပြည်က ဘယ်လိုမှဖရိုဖရဲဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ဖရိုဖရဲ ဖြစ်အောင်လည်း ကျနော်တို့ ဘယ်တော့မှမလုပ်ဘူး။ အဲ့ဒီအပေါ်မှာကတော့ ကျနော်တို့ဦး တည်ချက်ဖြစ်တဲ့ ဒီစနစ်အားလုံး ဖျက်သိမ်းရေး၊ စနစ်အားလုံး ပြောင်းလဲပြီးတော့ ဒီတိုင်းပြည်ကို တကယ့်လူ့ဘောင်အသစ်နဲ့ တည်ဆောက်မယ်ဆိုတာ ကျနော်တို့လုပ်နေတဲ့အပေါ်မှာ ဘာပဲဖြစ်ဖြစ်ယုံကြည်တယ်” ပဒိုစောတောနီး
—————————-
၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်ရေးအလားအလာ၊ တော်လှန်ရေးအင်အားစုများ၏ စစ်ရေး အရွေ့အပြောင်းများအပေါ် KNU ပြောခွင့်ရ ပဒိုစောတောနီးနှင့် တွေ့ဆုံမေးမြန်းချက်
ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်း၍ စစ်ကောင်စီအုပ်စုကို ဆန့်ကျင်တော်လှန်သော တော်လှန်ရေး အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့်မှာ ၄ နှစ်တာကာလ ရှိလာခဲ့သော်လည်း အောင်မြင်စွာ အုပ်ချုပ်နိုင်ခြင်း မရှိသေးပေ။
၂၀၂၄ ခုနှစ်အကုန် ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းရောက်ရှိလာသည့်တိုင် တစ်နိုင်ငံလုံးနီးပါးအား စစ်မျက်နှာ ဖွင့်ထားရသည့် စစ်ကောင်စီ၏ရှုံးနိမ့်မှု စစ်အင်အားလျော့ကျလာမှုသည် စစ်မှုထမ်းဥပဒေကို အသက် သွင်းလိုက်ခြင်းဖြင့် လတ်တလော၌ ပြည်သူလူထုအကြား တွင်တွင်ကျယ်ကျယ်ဖြစ်ပွားနေသော ပေါ်တာဆွဲခံရသည့် ဖြစ်ရပ်များကို ကြည့်ရှုခြင်းဖြင့် ပိုမိုထင်ရှားလာနေသည်။
ထိုအခြေအနေတို့ကြောင့် လက်ရှိ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်ရေးအလားအလာ၊ တော် လှန်ရေး အင်အားစုများ၏ စစ်ရေးအရွေ့အပြောင်း၊ နိုင်ငံတကာဖိအားတို့ကြောင့် စစ်ကောင်စီသာမက တော်လှန်ရေး အင်အားစုများဘက်ပါ သက်ရောက်မှုရှိနိုင်မည့် အခြေအနေများကို သုံးသပ်သိရှိနိုင်ရန် KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ၂၀၂၅ ထဲမှာ မြန်မာပြည်ရဲ့နိုင်ငံရေး၊ စစ်ရေးအလှည့်အပြောင်း အလားအလာများကိုကြည့်ပြီး ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ ။ ပထမဆုံးပြောရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ အရွေ့က သူများတွေနဲ့မတူဘူး။ သူများထင်တာ ထက်တောင် အမြဲတမ်းကွဲပြားနေတယ်။ နိုင်ငံတကာရဲ့အမြင်ကတော့ ကျနော်တို့ မကြာခင် ပျက်မယ်ဆိုတာ သူတို့ဟောထားတာ အကုန်လွဲခဲ့တယ်။ အခု ဒီတခါလည်း တစ်နှစ်ပြီးတစ်နှစ် ကျနော်တို့အခြေအနေက မဆိုးသွားဘူး။ ဘယ်သူတွေရဲ့အခြေအနေပဲ ဆိုးသွားလဲဆိုတာ ရှင်းနေတာပဲလေ။ တခါတည်းတော့ အပြတ် မဖြိုနိုင်ဘူးလို့ ဆိုပေမယ့် (၂၀၂၂-၂၀၂၃) (၂၀၂၃-၂၀၂၄) (၂၀၂၄-၂၀၂၅) ဆိုတော့ ပိုပြီးတော့ ရှင်းသွားပြီလေ။ အခုဆိုရင်တော့ သူ့ရဲ့ဆုံးရှုံးနယ်မြေ ဘယ်လောက်ထိများလာလဲ။ အခုနောက်ဆုံးအခြေအနေ ဘယ်လိုမျိုး ဖြစ်သွားလဲဆိုတာ အဲ့ဒါကြောင့်မို့ ကျနော်ပြောချင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၅ ခုနှစ် ကတော့ ကျနော်တို့အတွက် အများကြီးအပြောင်းအလဲ ဖြစ်နိုင်တယ်။
အထူးသဖြင့် စစ်ရေးရော နိုင်ငံရေးရောပေါ့နော်။ ကျနော်တို့ဆီမှာ ထူးခြားချက်တစ်ခုက နိုင်ငံရေးက ဘယ်နေရာမဆို ရှေ့ကသွားရမယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ကျနော်တို့ရဲ့အခြေအနေက အဲ့လိုဖြစ်မနေဘူး။ သို့သော်ဘာပဲဖြစ်ဖြစ် ၂၀၂၅ မှာတော့ စစ်ရေးဖြစ်တည်နေတဲ့ အခြေအနေနဲ့ ဖြစ်ပေါ် ပြောင်းလဲလာမယ့် အခြေအနေအရ ကျနော်တို့နိုင်ငံရေး အခြေအနေကလည်း ပြောင်းလဲလာမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က တစုတစည်းထဲဖြစ်ဖို့ လိုတယ်ဆိုတာ ငြင်းတာလည်း မဟုတ်တဲ့ အပေါ်မှာ ကျနော်တို့ကြိုးစားနေတယ်။ ဒါပေမယ့် အချိန်အခါတခု ယူရတဲ့အပေါ်မှာကတော့ ၂၀၂၅ မှာတော့ နိုင်ငံရေးရော စစ်ရေးရော ပြောင်းကိုပြောင်းလဲမယ်ဆိုတာ ကျနော်ပြောလို့ရတယ်။
မေး။ ။ ၂၀၂၅ မှာ ဒီအခုတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ စစ်အုပ်စုရဲ့အနေအထားက ဘယ်လိုရှိနိုင်မလဲ။ နောက်တော်လှန်ရေးအင်အားစု တော်လှန်ရေးအရွေ့ပေါ့၊ အောင်မြင်မှုအလားအလာရော ဘယ်လောက်ထိ ရှိနိုင်ပါလဲ၊ အဲ့ဒါနည်းနည်းသုံးသပ်ပေးပါဦး။
ဖြေ။ ။ သိပ်တော့များများစားစား သုံးသပ်စရာမလိုဘူး။ ဘာလို့လဲဆိုတော့ ၂၀၂၁ က ဖြစ်လာတဲ့အပေါ်မှာ ကျနော်တို့ ဒီဆန့်ကျင်တော်လှန်တဲ့အဖွဲ့တွေက အထူးသဖြင့်ပေါ့နော် ကျနော်တို့အနီးဆုံးအဖွဲ့တွေက ဒီတောင်ပိုင်းမှာ ဖြစ်တာများတယ်။ နောက်ပြီးတော့ မြောက်ပိုင်းမှာဆို KIO တစ်ဖွဲ့ဆိုတော့ ထင်ထင် ရှားရှား ပေါ့နော်။ ကျနော်တို့ KNU, KNPP, CNF ပြီးတော့ NUG နောက်ပြီးတော့ ဒီ KIO အဲ့ဒါတော့ ထင်ထင်ရှားရှားပဲ။ ဒါပေမယ့် ကျန်တဲ့အဖွဲ့ ထင်ထင်ရှားရှားမလုပ်ဖူးဆိုပေမယ့် သူ့အချိန်နဲ့ သူ့ရဲ့ အဟုန်ကို ကြည့်ပြီးတော့ လှုပ်နေတယ်ဆိုတာ နားလည်ရတဲ့အပေါ်မှာ ကျနော်တို့လုပ်စရာရှိတာလုပ်တယ်။ အဲ့ဒါပြီးတော့ ၂၀၂၃ ခုနှစ် ရောက်တဲ့အခါ “၁၀၁၇ စစ်ဆင်ရေး” ဖြစ်ပေါ်လာတာ။ တခါတည်းအခြေအနေက တခါတည်း တမဟုတ်ချင်း ဖြစ်သွားတယ်။
အဲ့ဒါပြီးတဲ့နောက်မှာ သူတို့ ၂၀၂၄ ထဲမှာလည်း စကစဘက်က ဆုံးရှုံးသွားတာတွေ ပိုပိုပြီး များ လာတဲ့အပေါ် မှာကတော့ အခု ၂၀၂၄ ကုန်ဆုံးသွားပြီ။ ၂၀၂၅ ဆို သူ့နလန်ထူမယ့်အရေးက ကျနော်တို့ ဘယ်လိုမှ မမြင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူပြန်ပြီးသိမ်းမယ်လို့ ကြိမ်းဝါးထားတဲ့ ဘယ်နေရာမှ ပြန်သိမ်းလို့မရဘူး ဖြစ်နေတယ်။ ဆိုတော့ အဲ့ဒီအနေအထား သူ့ရဲ့လက်ရှိအခြေအနေက ပြောစရာမရှိဘူး။ သူ့စစ်သားလည်း မရှိဘူးလေ။ လိုက်ပြီးတော့ ဖမ်းနေရတဲ့၊ လမ်းပေါ်က ဆွဲနေရတဲ့ အနေအထား ဖြစ်တဲ့နောက်မှာတော့ ကျနော်တို့တော်လှန်ရေးအင်အားစုကို ဘယ်လိုမှယှဉ်နိုင်တဲ့ အနေအထားတစ်ခု မဟုတ်တော့ဘူး။ ဒီထက် ပိုပြီးတော့ ဆိုးဖို့ပဲရှိတော့တယ်။ ကျနော်တို့က ဒီထပ်တိုးဖို့ပဲ ရှိတော့တယ်။ ဒါပဲရှိတယ်။
မေး။ ။ တဖက်ကကြည့်ရင်လည်း နိုင်ငံတကာရဲ့အခန်းကဏ္ဍပေါ့နော်၊ အခုနိုင်ငံတကာရဲ့ အခန်းကဏ္ဍက သိတဲ့အတိုင်းပဲ တရုတ်ရဲ့ကြားဝင်မှုတွေရယ်၊ ရုရှားရဲ့ကြားဝင်မှုတွေရယ် အဲ့ဒီအနေအထားမှာ နိုင်ငံတကာရဲ့ ဖိအားပေးမှု၊ နိုင်ငံတကာရဲ့အခန်းကဏ္ဍက တော်လှန်ရေးအင်အားစုတွေပေါ်မှာရော ဒီတိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ စစ်အုပ်စုတွေအပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိပါလဲ။
ဖြေ။ ။ သက်ရောက်မှုက တစုံတခုအားဖြင့်တော့ ရှိရင်ရှိနိုင်တယ်ပေါ့လေ။ ဒါပေမယ့်ကျနော်တို့ တော်လှန်ရေးက မနေ့တစ်နေ့ကပေါ်လာတဲ့ တော်လှန်ရေးမဟုတ်ဘူး။ နှစ်ပေါင်း ၇၀ ကျော် ရပ်တည်လာ ပြီးတော့ ပြည်တွင်းရဲ့ဖိအား ပြည်ပရဲ့ဖိအားတွေ အကုန်လုံးရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာ ကျနော်ကောင်းကောင်းသိတယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့ဘာမှ တွေဝေစရာမရှိဘူး။ အဲ့ဒါကြောင့် ဒီနေ့ တပြည်လုံးအတိုင်းအတာထိပါဝင်လာတဲ့ တော်လှန်ရေးတစ်ခုက ဒီကနေ့အခါမှာ နိုင်ငံတကာရဲ့ဖိအား ဘယ်လောက်ပဲရှိရှိ အထူးသဖြင့် စစ်ကောင်စီဘက်ယိမ်းတဲ့ဖိအား ဘယ်လောက်ပဲရှိရှိ ကျနော်တို့ လုံး၀ မမှုဘူး။
ကျနော်တို့သွားစရာရှိတာ သွားမယ်။ ကျနော်တို့ရင်ဆိုင်စရာရှိတာ ရင်ဆိုင်မယ်။ ကျနော်တို့ ဘယ်လို ရှောင်တိမ်းရမလဲ။ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့အပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကျော်ဖြတ်နိုင်ပြီးတော့ အဲ့ဒီဖိအားက ဘာမှအသုံးမဝင်တော့ဘူးဆိုတာ လက်တွေ့ ပြနိုင်တယ်နော်။ ဒါကလည်း နိုင်ငံတကာမှာဖြစ်ခဲ့တဲ့ မနေ့တနေ့ကမှ သိပ်မကြာသေးဘူး၊ ဒီဇင်ဘာလထဲက ဆီးရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာက နိုင်ငံတကာ ပါဝင်ပတ်သက်မှုတွေ အရမ်းများတယ်။ ဒါပေမယ့် လုံး၀မထင်ဘူးလေ။ လုံး၀ မညီမညွတ်တဲ့ အတိုက်အခံတွေ လုံး၀မညီမညွတ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဆိုတာကလည်း တခါတည်း ပြသလိုက်တာ ၁၂ ရက်တည်းနဲ့ ပွဲကပြတ်သွားတယ်။ ကျနော်တို့လည်း ဒီလိုပဲ လာမယ့် ၂၀၂၅ မှာ သေချာပွဲကို ပြရတော့မယ် အချိန်ကိုရောက်လာပြီ။
မေး ။ ။ အခု လက်ရှိစစ်ကောင်စီရဲ့အခြေအနေပေါ့၊ စစ်ကောင်စီရဲ့အနေအထားက စစ်ရေးအရရော နိုင်ငံရေးအရရော ဘယ်လောက်ယိမ်းယိုင်ပြိုလဲနေပြီလဲ၊ နည်းနည်းလောက် ပြောပေးပါဦး။
ဖြေ။ ။ နိုင်ငံရေးက ဘာမှပြောစရာမရှိဘူး။ သူ့ဖာသာသူအာဏာသိမ်းပြီးကတည်းက နိုင်ငံတကာ ဆက်ဆံရေးမှာ သူကရှုံးနေတာ။ ကုလသမဂ္ဂမှာလည်း ရပ်တည်ခွင့်မရဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်စားပြုခွင့် တွေရော အကုန်လုံးဆုံးရှုံးသွားတဲ့အခါမှာ သူတို့အချင်းချင်း နည်းနည်းစရိုက်ချင်းတူတဲ့အဖွဲ့လောက်ပဲ နည်းနည်းပေါင်းလို့ရတဲ့ အနေအထားရှိတယ်။ အဲ့ဒါ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးပဲပေါ့နော်။ နောက်တချက်က စစ်ရေးနဲ့ပြောရမယ်ဆိုရင် ထိုးစစ်ကသူဘယ်တော့မှ မလုပ်နိုင်တော့ဘူး။ အဲ့ဒါကတော့ ရှင်းတယ်။ ၂၀၂၁ နောက်ပိုင်းမှာ ဖြစ်ပေါ်ပြောင်းလဲမှုပဲ။ ထိုးစစ်ကတော့ကျနော်တို့ သပ်သပ်ပြန် လုပ်တယ်။ အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာ သူဆုံးရှုံးနယ်မြေတွေကလည်း ပိုပြီးများလာတဲ့အပြင် ဒီထပ်ပိုဆုံးရှုံးဖို့ပဲ ရှိတော့တယ်။
အဲ့ဒါအပြင် ကျနော်တို့ခံစစ်ကို လုပ်လာတဲ့အခါမှာကျတော့လည်း သူ့ခံစစ်က တကယ့်စနစ်တကျ မရှိဘူး။ တဖက်ကတဖက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း သူ့မှာအတွေ့အကြုံ မရှိတာလည်းပါမယ်။ ဟိုဆန်စေရာ ကျည်ပွေ့ကလိုက်တဲ့ အနေအထားမျိုးရှိတော့တယ်။ ဟိုနားဖြစ်လာပြီဆို ဟိုနားပြန်လိုက်ချလိုက် ဟိုနား အခြေအနေမကောင်းဘူးဆို ဟိုနားကိုလိုက်ပြီးကာလိုက် သူအဲဒီလို လျှောက်လုပ်နေတဲ့ အခြေအနေက လုံး၀မဟန်ဘူးဆိုတာ ကျနော်သေချာပြောရဲတယ်။ အခုဆိုရင်တော့ ရခိုင်မှာ အခုအခြေအနေကဖြစ်သွားတော့ အခု ဧရာ၀တီတိုင်းမှာနီးတယ်ဆိုတော့ သူက ဧရာ၀တီတိုင်းမှာသွားပြုံပြီး သွားကာပစ်လိုက်တယ်။ အဲ့ဒီလိုပဲ မန္တလေးမှာ တစုံတခုကြားလိုက်ရင် မန္တလေးကို ပြုံပြီး ပြန်ကာတယ်။ သူ့မှာဘာမှ စနစ်တကျခုခံနိုင်တဲ့ခံစစ် စနစ်တကျ မလုပ်တတ် ဘူးဆိုတာ ကျနော် ရှင်းရှင်းလင်းလင်း မြင်ရတဲ့အပေါ် ဒီထက်ပိုပြီးအောင်မြင်ဖို့ပဲ ရှိတော့တယ်။
မေး။ ။ စစ်ကောင်စီကတော့ နောက်ဆုံးကျန်တဲ့အမျှင်လေးတမျှင်ကို သူဆွဲမယ့်အလားအလာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခု ၂၀၂၅ ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ အတိ အလင်းကို ကြေငြာထားတာဆိုတော့ သူ့ရဲ့ရွေးကောက်ပွဲနဲ့ သူ့ရဲ့တရားဝင်မှုကို နည်းလမ်းပေါင်းစုံ ကြိုးစားနေတာပေါ့နော်။ ဆိုတော့ ဖြစ်နိုင်မယ့်အလားအလားတွေရော သတိထားဆင်ခြင်မယ့် အခြေအနေတွေကဘာရှိလဲ။
ဖြေ။ ။ ဒီအာဏာရှင်က သူဘယ်လိုပဲဖြစ်ဖြစ် သူနောက်ဆုံးထွက်သက်ထိတော့ သူကမိုက်သွားတော့မယ် ဆိုတာ မြင်ရတဲ့အပေါ်မှာ သူကတော့ အခုရွေးကောက်ပွဲကိုလည်း တစ်ယောက်ရရင် သူလုပ်မယ် နှစ်ယောက် ရရင်လည်း သူလုပ်မယ်ဆိုတဲ့ အနေအထားကို လုပ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်က စောစောက ပြောထားတာလည်းရှိမယ်။ ၂၀၂၄ ထဲမှာလည်း ပြောတာလည်းဖြစ်တယ်။ သူက ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ့် အသံထွက်လာတော့ ကျနော်ကပြောလိုက်တယ်။
၂၀၂၅ မှာ သူရှိအုံးမယ်ဆိုတာ သေချာသေးရဲ့လားဆိုတာ ကျနော့်မေးခွန်းရှိတယ်လေ။ ၂၀၂၅ က သိပ်မသေချာဘူး ဒီအဖွဲ့က။ အဲ့ဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် သူလုပ်တဲ့ဟာတော့ ဘယ်လိုမှဖြစ် လာနိုင်စရာ အကြောင်းမရှိဘူး။ ဆန့်ကျင်တဲ့သူကလည်း ဆန့်ကျင်ဖို့ အသင့်ရှိသလို သူလုပ်မယ့် ဟာကလည်း ဘယ်သူက သွားပြီး အသိအမှတ်ပြုမလဲ။ သူ့ကိုအသိအမှတ်ပြုတဲ့ သူကလည်း ဒီနေ့သူ့ကို အမှန်တကယ်မဖြစ်မနေ ပေါင်းနေတဲ့ လူတွေပဲရှိတယ်။ ဒီလူတွေကလည်း ကျနော်တို့စာရင်းထဲ ထည့်စရာမရှိဘူး။ ကျနော်တို့လုပ်စရာ ကျနော်တို့ဆက်လုပ်သွားမှာပဲ။ အဲ့ဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် ၂၀၂၅ က ကျနော်တို့ လက်ထဲမှာပဲရှိတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ပေါ့နော်၊ ဒီမြန်မာပြည်ရဲ့စစ်ရေး၊ နိုင်ငံရေးအရွေ့က တအားမြန်တယ်။ တော်လှန်ရေးအရှိန်လည်း တအားမြန်ဆန်တဲ့အပေါ်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကရော နိုင်ငံရေး အင်အားစုတွေဘက်ကရော သတိထားဆင်ခြင်ပြီးတော့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့်အရာတွေအပေါ် ဘယ်လိုမျိုး အကြံပြုချင်ပါလဲ။
ဖြေ။ ။ တစ်ခုပဲရှိတာ၊ အဲ့ဒါကတော့ အထူးသဖြင့် နိုင်ငံရေး၊ စစ်ရေးက အတူတူဒွန်တွဲပြီးသွားတယ်လေ။ စစ်ရေးဆိုတာ နိုင်ငံရေးရဲ့နောက်ဆက်တွဲဆိုတာ ကျနော်တို့အမြဲတမ်းသိတဲ့အပေါ်မှာ ကျနော်တို့ အတွေးပြု မိဖို့တော့ လိုတယ်။ စစ်ရေးအောင်ပွဲဆိုတာက မရှိမဖြစ်၊ ဘာလို့လဲဆိုတော့ စစ်ရေးကိုပဲတချိန်လုံး ဒီစစ်အင်အားနဲ့ပဲ ကိုယ်ဟာကိုယ်တည်ဆောက်ပြီးတော့ အာဏာ တည်ဆောက်လာတဲ့လူတွေကို စစ်ရေးနဲ့ မဖြိုလို့လည်း မရဘူး။ တဖက်ထဲမှာပဲ ကျနော်တို့သွားမယ့်လမ်းက နိုင်ငံရေးကလည်း တကယ်ဦးဆောင်မှု ရှိဖို့လိုတယ်။
အဲ့ဒါကြောင့်မို့ ကျနော်တို့ သေသေချာချာစနစ်တကျနဲ့ တလှမ်းချင်းတလှမ်းချင်း တိုးတိုးသွား နေတယ်။ ကျနော်တို့တည်ဆောက်မယ့်တိုင်းပြည်က ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်၊ အဲ့ဒီဖက်ဒရယ်ကို ဘယ်လိုတည်ဆောက်မလဲ။ ကျနော်တို့က အထူးသဖြင့် အောက်ခြေကနေစုစည်းလာပြီးတော့ ဒီအောက်ခြေ အားကောင်းရေးကနေ ဒီပြည်ထောင်စုအဆင့်အားကောင်းရေးဆိုတာ ဦးတည်တဲ့အပေါ်မှာ ကျနော်တို့ သေချာ လုပ်နေတယ်။ အဲ့ဒီအပိုင်းမှာ သေချာပြောနိုင်တာတစ်ခုက ဒီတိုင်းပြည်က ဘယ်လိုမှဖရိုဖရဲ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ဖရိုဖရဲဖြစ်အောင်လည်း ကျနော်တို့ဘယ်တော့မှ မလုပ်ဘူး။
အဲ့ဒီအပေါ်မှာကတော့ ကျနော်တို့ဦးတည်ချက်ဖြစ်တဲ့ ဒီစနစ်အားလုံး ဖျက်သိမ်းရေး၊ စနစ်အားလုံး ပြောင်းလဲ ပြီးတော့ ဒီတိုင်းပြည်ကို တကယ့်လူ့ဘောင်အသစ်နဲ့ တည်ဆောက်မယ်ဆိုတာ ကျနော်တို့ လုပ်နေတဲ့အပေါ်မှာ ဘာပဲဖြစ်ဖြစ် ယုံကြည်တယ်။ တလှမ်းချင်းတလှမ်းချင်းရွေ့ပြီးတော့ နိုင်ငံရေးရော စစ်ရေးရောအရွေ့က ဟန်ချက်ညီပြီးတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့တိုင်းပြည်ကို ကောင်းအောင် ထိန်းသိမ်း သွားနိုင်မယ်ဆိုတာ ယုံကြည်တဲ့အပေါ်မှာတော့ ဒီ ၂၀၂၅ ခုနှစ်က ကျနော်တို့လက်ထဲမှာပဲ ရှိတော့တယ်ဆိုတာ ပြည်သူကို အသိပေးချင်တယ်။