Home တွေ့ဆုံမေးမြန်းခန်း အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး သင်တန်းကျောင်း ဒါရိုက်တာစောကပီနှင့် မေးမြန်းချက်။

အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး သင်တန်းကျောင်း ဒါရိုက်တာစောကပီနှင့် မေးမြန်းချက်။

361
Photo: KIC

“ကရင်အမျိုးသားအစည်းအရုံးရဲ့တာဝန်လည်းဖြစ်သလို ကျန်တဲ့အဖွဲ့အစည်းနဲ့ ပြည်သူလူထုကလည်းပဲ၊ ဘယ်အဖွဲ့ကတော့ဖြင့် ဘယ်နိုင်ငံရေးခံယူချက်နဲ့ စံတန်ဖိုးတွေနဲ့ အမျိုးသားရေးတာဝန်၊ တော်လှန်ရေးတာဝန် တွေကို ကွဲကွဲပြားပြားမြင်ပြီးတော့မှ ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်ဆိုလို့ရှိရင်တော့ စည်းလုံးညီညွတ်မှုအတွက် မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်မယ်လို့ ကျနော်မြင်မိပါတယ်” ဒါရိုက်တာစောကပီ/ အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး သင်တန်းကျောင်း

အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး သင်တန်းကျောင်း ဒါရိုက်တာစောကပီနှင့် မေးမြန်းချက်။

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မတူညီသောရပ်တည်ချက်များကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU လက်အောက်မှ ခွဲထွက်ကာ အကွဲကွဲအပြားပြားဖြစ်နေသည့် ကရင့်လက်နက်ကိုင်အဖွဲ့များအချင်းချင်း ပြန်လည်ပေါင်းစည်းနိုင်ရေး သက်ဆိုင်ရာခေါင်းဆောင်၊ တာဝန်ရှိသူများက လူစုလူဝေး၊ ပွဲလမ်းသဘင်များတွင် မကြာခဏပြောဆိုလေ့ ရှိသော်လည်း လက်ရှိအချိန်ထိ အကောင်ထည်ပေါ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။

စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ပြတ်စဲကြောင်း တရားဝင် ကြေညာထားသည့် KNU နှင့်ဆန့်ကျင်ပြီး ဘုံရန်သူစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကရင့်လက်နက်ကိုင်အဖွဲ့ တချို့လည်းရှိနေသည်။

ကရင့်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးသည် အပြောသာရှိ၍ လက်တွေ့အလုပ်မဖြစ်သေးသည့် အကြောင်းရင်း၊ ပေါင်းစည်းရေးသော့ချက်၊ ကရင့်တော်လှန်ရေးပန်းတိုင်နှင့် ဆက်နွယ်ပုံ အစရှိသည်တို့နှင့် ပတ်သက်ပြီး အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးသင်တန်းကျောင်း ဒါရိုက်တာစောကပီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင့်လက်နက်ကိုင်အဖွဲ့အသီးသီးက ပြန်လည်ပေါင်းစည်းရေးအတွက် ပြောဆိုခဲ့ကြတဲ့အပေါ် ဘယ်လိုနားလည်လို့ရနိုင်ပါလဲ။
ဖြေ။ ။ နှစ်သစ်ကူး သတင်းစကားလည်းဖြစ်တယ်။ ပြီးတော့ ပေါင်းစည်းရေးအတွက်လည်း ဖြစ်တယ်။ စည်းလုံးညီညွှတ်ဖို့အတွက်လည်း ဖြစ်တယ်ဆိုတော့ ယေဘုယျအားဖြင့်တော့ ကောင်းတယ်လို့ပဲ ကျနော် မြင်ပါတယ်။ ရှင်းရှင်းပြောရရင် ဖြစ်လည်းဖြစ်သင့်တယ်။ လက်နက်ကိုင်အဖွဲ့တွေအားလုံး ပေါင်းစည်းဖို့ ဆိုတာကလည်း တဖက်ကပြောရရင်တော့ ပြောရတာလွယ်တယ်။ တကယ်တမ်း လက်တွေဖြစ်ဖို့ကလည်း ခက်တယ်ဆိုတာကို ကျနော်တို့အားလုံးကလည်း သဘောပေါက်ပါတယ်။ ဘာလို့ဆိုတော့ လက်တွေ့မှာ ကျနော် ထင်တာက အကျိုးစီးပွားပဋိပက္ခတွေ အကျိုးစီးပွားဆိုင်ရာ ပွတ်တိုက်မှုတွေကလည်း ရှိနေတယ်ဆိုတာကိုတော့ ကျနော်တို့တွေ့နေရတယ်။ အဲ့အတွက်ကြောင့်မိုလို့လည်း ခက်တယ်ပြောတာ။ ကျနော်အမြင်ကတော့ ပေါင်းစည်းဖို့ဆိုတဲ့နေရာမှာ ကျနော်တို့ရပ်တည်ချက်တို့ ခံယူချက်တို့ အခြေခံထားပြီးတော့ အဓိကထားပြီး ကြည့်ဖို့လည်း လိုပါလိမ့်မယ်။

ရပ်တည်ချက်ဆိုတာကတော့ နိုင်ငံရေးရပ်တည်ချက်ကို ပြောတာပါ။ အထူးသဖြင့် ကရင့်လက်နက်ကိုင်အဖွဲ့တွေ၊ ကရင့်တော်လှန်ရေး အဖွဲ့အစည်းတခုချင်းစီမှာထားတဲ့ စံတန်ဖိုးထားမှုတွေ အပေါ်မှာ ညှိနှုင်းဖို့လိုမယ်လို့ ကျနော် ထင်တယ်။ ဒါတွေကို မညှိမနှိုင်းဘူးဆိုရင်တော့ လက်တွေ့မှာတော့ ပြန်ပေါင်းစည်းဖြစ်ဖို့ခက်တဲ့ အနေအထားကို တွေ့ရတယ်။ ဆိုတော့ ကျနော်ပြောတဲ့ စံတန်ဖိုးထားမှု ရပ်တည်ချက်တို့ ပြောတယ်ဆိုတာ တခြားမဟုတ်ဘူး။ ဥပမာ- ကျနော်တို့က စစ်အာဏာရှင်ကို ရန်သူလို့ သတ်မှတ်တဲ့တစ်ဖွဲ့၊ စစ်အာဏာရှင်စနစ်သည် ရန်သူဖြစ်တယ်၊ ရန်သူလို့ မြင်တယ်။ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ အဖွဲ့ကလည်း ရန်သူဖြစ်တယ်။ ဒါပေမဲ့ တခြား တစ်ဖွဲ့ကတော့ စစ်အာဏာရှင်ကို မိတ်ဖက်သဘော၊ ဒါမှမဟုတ် စစ်အာဏာရှင်ကို ရန်သူလို့ ပြတ်ပြတ်သားသား မသတ်မှတ်နိုင်ဘူးဆိုလည်း အဲ့ ၂ ဖွဲ့က ကျနော်ထင်တယ်၊ တချို့ကိစ္စလေးတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိတာတွေ နားလည်မှုလေးတွေရှိတာတွေ ဖြစ်နိုင်တယ်။

တကယ့်တကယ်ပေါင်းစည်းဖို့အတွက်ကတော့ အင်မတန်ခက်ခဲနေဦးမယ်လို့ ကျနော်မြင်မိတာပေါ့။ အထူးသဖြင့် တချို့အဖွဲ့အစည်းတွေက စစ်အာဏာရှင်ရဲ့ အလိုလိုက်အကြိုက်ဆောင် လုပ်နေရတာမျိုး၊ စစ်အာဏာရှင်ရဲ့ အမိန့်ကို မလွှဲသာမရှောင်သာ အကောင်အထည်ဖော်နေရတာမျိုးတွေ ရှိတယ်ဆိုရင်တော့ လက်တွေ့ ပြန်ပေါင်းစည်းဖို့အတွက်က ကျနော်ထင်တယ် ပြန်ပေါင်းစည်းဖို့ ခက်နေအုံးမှာပဲလို့မြင်တယ်။ ပြန်လည် ပေါင်းစည်းဖို့ပြောနေကြတာတွေ စည်းလုံးညီညွတ်ဖို့ပြောနေကြတာတွေ စည်းလုံးညီညွတ်ဖို့အတွက် ကြိုးစား ကြတာတွေကကောင်းတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်လာဖို့အတွက်ကတော့ ကျနော်တို့လက်တွေ့ကျကျ မျှော်လင့်ချက်ထားဖို့လိုအပ်မယ်လို့ အကြမ်းဖျင်းသုံးသပ်ပါတယ်။

မေး။ ။ ကရင့်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းရေးအတွက် အဓိကသော့ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ နိုင်ငံရေး ရည်မှန်းချက်တူဖို့ အရေးကြီးပါတယ်။ အဓိကသော့ချက်က နိုင်ငံရေးရည်မှန်းချက် မတူတာ တွေလို့ ကျနော်ထင်တယ်။ နောက်တခုက နိုင်ငံရေးရည်မှန်းချက် မတူတာ ၊တူတာအပေါ်မှာ အခြေခံ သလို၊ နိုင်ငံရေးဂုဏ်သိက္ခာကို ဘယ်လောက်တန်ဖိုးထားလည်းအပေါ်မှာ မူတည်တာပေါ့။ အဲ့ ၂ ခုပေါ်မှာ မူတည်တယ်လို့ ကျနော်ထင်တယ်။ အဓိက သော့ချက်ပဲ။ ကျနော်တို့ အခုက ကရင်အမျိုးသားအစည်းအရုံးဆိုရင် တော်တော်ကို ခက်ခဲတာ တွေ့ရတယ်။ တဖက်မှာလည်း စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ KNU အနေနဲ့ ဆိုရင် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲယန္တရားတွေကောင်းမွန်အောင် ပြန်ပြီးတော့မှကြိုးစားကြတယ်၊ လုပ်ကြရတယ်။ စနစ်တကျ ဖြစ်ရေးပေါ့။ ဘာလို့ဆို ကိုယ်ကကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်၊တော်လှန်ရေးလုပ်နေတယ်ဆိုတော့ ဒီနိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်လုပ်တဲ့အခါမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ထိုက်တန်တဲ့ ကိုယ့်ရဲ့ပြည်ထောင်စုထဲမှာ တကယ့်တာဝန်ရှိရှိ၊ တာဝန်သိတဲ့ ပြည်ထောင်စုယူနစ်တခုဖြစ်ဖို့ ဆိုတာလည်း အင်မတန်အရေးကြီးတယ်။ ဒီနိုင်ငံရေးဂုဏ်သိက္ခာကို ကြိုးစားပြီးတော့ထိန်းတယ်။

အဲ့ဒီအပေါ်မှာ တဖက်ကတော့ အကယ်၍ တခြားအဖွဲ့အစည်းတွေက ရရာနည်းနဲ့ သဘောကတော့ တော်လှန်ရေး အတွက် ရန်ပုံငွေကိုဘယ်နည်းနဲ့ပဲရရ တချို့တော်လှန်ရေးလုပ်တဲ့အခါမှာ ကိုယ့်အမျိုးသားရေအတွက် ဘယ်နည်းနဲ့ ပဲရရ ဘာစံ၊ ဘာတန်ဖိုးမှ မကာဘဲနဲ့ ဖြစ်သလိုပရမ်းပတာလုပ်ရင်တော့ နိုင်ငံရေးသိက္ခာလည်း မရှိတော့ဘူး။ ဒီနိုင်ငံရေးသိက္ခာကို တန်ဖိုးထားတဲ့အပေါ်မှာ မတူညီဘူး။ တန်ဖိုးထားမှုမရှိဘူးဆိုရင် တန်ဖိုးထားလိုက်၊ မထား လိုက်ဆိုရင်တော့ ကျနော်ထင်တယ်၊ အဓိကသော့ချက် ဘာလို့ဆို ကျနော်တို့ပြန်ပေါင်းစည်းဖို့ ညှိနှိုင်းတယ် ဆိုတာကလည်း ကျနော်တို့က မူတို့ ခံယူချက်တို့ တန်ဖိုးထားမှုတွေကို မြင့်ရတယ်သိလား။ အဲ့သလိုမျိုး မူတို့ ခံယူချက်တို့ စံတန်ဖိုးထားမှုတွေကို မညှိဘဲနဲ့ ကျနောတို့လက်တွေ့မှာ တကယ်တမ်း အဖွဲ့အစည်းတွေအကုန်လုံး အတူတူတဖွဲ့တည်းပြန်ဖြစ်ပြီးတော့ အတူတူအလုပ်လုပ်နိုင်ဖို့ဆိုတာက တန်ဖိုးထားမှုမတူညီတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စံထားမှုမတူတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရမ်းခက်နေဦးမယ်ဆိုတာ ကျနော်တို့သိရတယ်။ အဓိက သော့ချက်ဆိုတာကလည်း နိုင်ငံရေးခံယူချက် ရှိခြင်းမရှိခြင်း၊ စံတန်ဖိုးထားမှု ရှိခြင်းမရှိခြင်းအပေါ်မှာ အများကြီး မူတည်တယ်လို့ ကျနော်မြင်မိပါတယ်။

မေး။ ။ ကရင့်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းရေး လက်တွေ့မှာအလုပ်မဖြစ်တာ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ဒီလို မပေါင်းစည်းနိုင်ရတဲ့ အခြေခံအကြောင်းတရားတွေကတော့ မြေပြင်ကဖြစ်ပျက်နေတဲ့ အခြေအနေ တွေပေါ်မှာကြည့်လိုက်ရင် အများကြီးဖြစ်နိုင်ပါတယ်။ ဥပမာ – အဖွဲ့အစည်းတခုနဲ့တခု အကျိုးစီးပွား ပဋိပက္ခတွေ အကျိုးစီးပွားပွတ်တိုက်မှုတွေ အပေါ်မှာလည်းရှိတယ်။ အကျိုးစီးပွားပွတ်တိုက်မှုတွေရှိတဲ့အခါမှာ ကျနော်တို့က အလျှော့အတင်းလုပ်ရဖို့ လိုအပ်လာတယ်။ အဲ့ဒီအလျှော့အတင်း လုပ်ရတဲ့အခါမျိုးတွေဆိုရင် စံတန်ဖိုးထားမှု တွေအပေါ်ညှိနှိုင်းပြီးမှ တူညီတဲ့ဘုံရပ်တည်ချက်၊ တူညီတဲ့စံတန်ဖိုးထားမှုတခုအပေါ်မှာ ကျနော်တို့က အကျိုးစီးပွားပဋိပက္ခဖြစ်မှုတွေကို ညှိနှိုင်းယူမှရမယ်။ အဲ့လိုညှိနှိုင်းယူတဲ့အခါမှာ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ တမျိုးသားလုံးအကျိုးစီးပွားယှဥ်လာရင် ကျနော်တို့တမျိုးသားလုံးရဲ့အကျိုးစီးပွားကို ဦးစားပေးပြီးမှ ဆုံးဖြတ်တယ်။

ဒါမှမဟုတ်ရင် လက်ရှိအဖွဲ့အစည်းရဲ့ ရရှိနေတဲ့အခွင့်အလမ်းနဲ့ တမျိုးသားလုံးကရရှိရမယ့် အခွင့်အလမ်းကို ချိန်ထိုးနှိုင်းယှဉ်ကြည့်မယ်ဆိုရင် တမျိုးသားလုံးရဲ့အခွင့်အလမ်းရရှိဖို့ကို ဦးစားပေးဖို့ လိုအပ်တယ်။ အဲ့သလို မလုပ်နိုင်မခြင်း အဲ့ဒါတွေကိုညှိနှိုင်းလို့မရမခြင်း ဒီအချက်တွေက ကျနော်တို့အတွက် အတားအဆီး ဖြစ်တယ်။ နောက်တချက်ကတော့ နိုင်ငံရေးရပ်တည်ချက်ကတော့ ပြည်ထောင်စုတစ်ခုလုံးမှာ ကျနော်တို့ရဲ့တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးအရတည်ငြိမ်မှု တစ်နိုင်ငံလုံးရဲ့နိုင်ငံရေးပြဿနာကိုလည်း ဖြေရှင်းမယ်။ ကိုယ့်အမျိုးသားရေး ရပိုင်ခွင့် ကိုလည်း တောင်းဆိုမယ်။ ရဖို့လည်း လိုအပ်တယ်။တစ်ဖက်က တစ်ဖွဲ့က ဒီဟာကို ကိုယ့်ရဲ့နိုင်ငံရေး ခံယူချက်နဲ့ ကိုယ်က ဒီလိုယုံယုံကြည်ကြည်နဲ့ ဒီမိုကရေစီစနစ်နဲ့သွားမယ်၊ မစုံလင်ကွဲပြားမှုတွေကို ကျနော်တို့ တန်ဖိုးထားတယ်။

တမျိုးသားလုံးရဲ့ရပိုင်ခွင့်တွေကိုလည်း တန်ဖိုးထားတယ်။ ပြည်ထောင်စုလည်း တည်ဆောက်မယ်လို့ ခံယူချက် ရှိပြီးတော့ နိုင်ငံရေးခံယူချက်ထားပြီးတော့ တခြားသောအဖွဲ့တွေက ဒီလို မဟုတ်ဘဲနဲ့ ကိုယ့်အဖွဲ့အစည်း ကောင်းစားရေး လူတစုအတွက်ပဲဆိုရင်ခက်နေဦးမယ်။ ဆိုလိုချင်တာက တမျိုးသားလုံးရဲ့အရေးထက် တစ်နိုင်ငံလုံးရဲ့အရေးထက် ကိုယ့်တစ်ဖွဲ့တည်းရဲ့အရေးကိုသာ ဦးစားပေးနေတာက နောက်ပြီး နိုင်ငံရေးခံယူချက် မခိုင်မာ မတူညီတာမျိုးတွေက ကျနော်တို့အလှမ်းဝေးနေရတဲ့ အကြောင်းအရင်းတွေထဲက အဓိက အကြောင်း အရင်းတွေလို့ ယေဘုယျအားဖြင့်သတ်မှတ်လို့ရပါတယ်။ ဒါကတော့ နိုင်ငံရေးနဲ့ပိုပြီး ဆက်ဆိုင်တာပဲလေ။

တချို့အဖွဲ့အစည်းတွေဆိုရင် နိုင်ငံရေးအတွက် တကယ့်ကိုမှအက္ခရာကျတယ်။ ဥပမာ-လောင်းကစားလုပ်တာ၊ လူကုန်ကူးတာတွေနဲ့ ပတ်သက်ပြီးနေတဲ့လုပ်ငန်းမျိုးတွေမှာ ပါဝင်ပတ်သက်ပြီးတော့ အကျိုးစီးပွားတွေ ရှိနေတယ် ဆိုရင် အဲ့လိုလုပ်ငန်းတွေ အဲ့လိုလူကုန်ကူးတာတို့ မူးယစ်ဆေးဝါးမှောင်ခိုကူးတာတို့ လုပ်ငန်းမျိုးတွေမှာ အကျိုးစီးပွားတွေရှိနေတဲ့အဖွဲ့နဲ့ လုပ်ဖို့အတွက်၊ မလုပ်ဖို့အတွက် ကျနော်တို့မူဝါဒတွေ ဒီစံတန်ဖိုးထားမှုတွေရှိတဲ့ အဖွဲ့အစည်းတွေနဲ့ကြတော့ တကယ်ထိပ်တိုက်ရင်ဆိုင်ပြီး ညှိလာတဲ့အခါကြရင် ခဏတာတချို့ကိစ္စတွေမှာပြေလည်သွားတာတွေရှိတယ်။ ဒါပေမဲ့ရေရှည်မှာတော့ ပြေလည်မှုကိုရဖို့အတွက်က အခက်အခဲဖြစ်နေအုံးမယ် လို့ပဲ ကျနော်မြင်မိပါတယ်။

မေး။ ။ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းမိရင် ကရင့်တော်လှန်ရေး ပန်းတိုင်က နီးစပ်လာမလား။
ဖြေ။ ။ သေချာတာတစ်ခုက ဒီလိုပါ။ တခြား ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာကလည်း၊ KNU- ကရင်အမျိုးသားအစည်းအရုံးကနေပြီး ကွဲထွက်၊ ခွဲထွက်သွားတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ ဆိုတော့ ဒါက ဘယ်လိုပဲရှိနေရှိနေ ကျနော်တို့တွေရဲ့ အားနည်းချက်တွေဆိုတာတော့ မှန်တယ်။ ကျနော့်အမြင်မှာတော့ KNU – ကရင်အမျိုးသားအစည်းအရုံးက တော်လှန်ရေး၊ နိုင်ငံရေးအရာရာပေါ့၊ ကိုယ်အုပ်ချုပ်တဲ့ဒေသမှာ စနစ်တကျ စီမံခန့်ခွဲတတ်ဖို့အတွက်၊ အုပ်ချုပ်တယ်ဆိုတဲ့နေရာမှာ အုပ်ချုပ်ရင်ပြီးရောဆိုတဲ့ဟာမျိုးမဟုတ်ဘဲ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေးစနစ်၊ ဥပမာ- ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှာ အများပြည်သူရဲ့ ထောက်ခံမှုရဖို့အတွက် အများပြည်သူဝန်ဆောင်မှုတွေ ပေးခြင်းအားဖြင့်ပေါ့နော်။ ဒါတွေကို လုပ်နေတယ်ဆိုတာကတော့ KNU – ကရင်အမျိုးသားအစည်းအရုံးက ထီးထီးကြီးလုပ်နေတယ်ဆိုတာကို တွေ့ရပါတယ်။

ဘက်လိုက်ပြီးပြောတာ မဟုတ်ဘူး။ ဒီလုပ်ငန်း အများပြည်သူဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ စီမံခန့်ခွဲဖို့အတွက် စနစ်တကျသတ်မှတ်ထားတာတွေရှိတဲ့အခါကျတော့ နိုင်ငံရေးရပ်တည်ချက်၊ ခံယူချက်တွေက ကရင်အမျိုးသား အစည်းအရုံးက အဓိကဖြစ်တော့ ဘယ်လောက်လုပ်နိုင်လဲဆိုတဲ့အပေါ်မှာ ကျနော်တို့နီးစပ်မှုကတော့ ကျနော်တို့ တွေ့ရနိုင်ပါတယ်။ ဆိုတော့ တကယ်တမ်းပြောရရင်တော့ အခု ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာဆိုရင်၊ နယ်မြေထိန်းချုပ်မှုအရရော အုပ်ချုပ်ရေးယန္တာရားပေါ်မှာတည်ဆောက်တဲ့နေရာမှာ သော်လည်းကောင်း ကျနော်တို့အများကြီးနီးစပ်လာပြီ။ ကျနော်တို့ အနာဂတ်ပြည်ထောင်စုတည်ဆောက်ဖို့ အတွက်၊ တစိတ်တဒေသ ကိုယ့်ရဲ့ကျရာအခန်းကဏ္ဍမှာကအစ ဒါကတော့ ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်နေတာ ဖြစ်တယ်။

ကရင်အမျိုးသားအစည်းအရုံးက ဒီကိစ္စရပ်တွေကို ကျနော်တို့ထင်ထင်ရှားရှား နီးစပ်လားလို့မေးရင်တော့ ပိုပြီးတော့နီးစပ်လာတယ်လို့ ပြောရမှာပေါ့။ တဖက်ကပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့က ညီညွတ်မှုကို အကောင်အထည်ဖော်နိုင်မှသာလျှင် တင်းပြည့်ကျပ်ပြည့်ပန်းတိုင်ကိုရောက်မယ် ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်။ အဲ့ဒါကိုလည်း ကြိုးစားရမယ်။ အဲ့ဒီတော့ ဒီမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ တာဝန်လည်းဖြစ်သလို ကျန်တဲ့အဖွဲ့အစည်းနဲ့ ပြည်သူလူထုကလည်းပဲ၊ ဘယ်အဖွဲ့ကတော့ဖြင့် ဘယ်နိုင်ငံရေး ခံယူချက်နဲ့ စံတန်ဖိုးတွေနဲ့ အမျိုးသားရေးတာဝန်၊ တော်လှန်ရေးတာဝန်တွေကို ကွဲကွဲပြားပြားမြင်ပြီးတော့မှ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်ဆိုလို့ရှိရင်တော့ စည်းလုံးညီညွတ်မှုအတွက် မြန်မြန်ဆန်ဆန်တည်ဆောက် နိုင်မယ်လို့ ကျနော်မြင်မိပါတယ်။

မေး။ ။ BGF တဖြစ်လဲ KNA ဘက်က တပ်သားသစ်ထောင်ချီ သင်တန်းဆင်းတာ ဘယ်လိုသဘောဆောင်ပါလဲ။
ဖြေ။ ။ ဥပမာဗျာ အခုဆိုရင် စစ်ကောင်စီနဲ့မပတ်သက်တော့ဘူးဆိုပြီးတော့ တချို့တွေကြတော့လည်း သတင်းကို အချက်အလက်ပြည့်ပြည့်စုံစုံ ရကြတာမဟုတ်ဘူး။ အကုန်လုံးကို သိနေတာမဟုတ်ဘူး။ အွန်လိုင်းက ရနေတာတွေက မဟုတ်ဘူး။ တဖက်ကလည်း ကရင်အမျိုးသားတပ်မတော်ဆိုပြီးတော့ စစ်ကောင်စီနဲ့ မပတ်သက် တော့ဘူးဆိုပြီး ဆိုတာကိုလည်း တချို့တွေကမသိတော့ ယုံနေတာတွေလည်း ရှိရင်ရှိနိုင်တာပဲ၊ ဒါအတွက်ကြောင့် မို့လို့ ဒါတွေကို ဒီလိုမျိုးလူငယ်အများအပြားကို စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းရမှာချင်းအတူတူ ကရင်အမျိုးသားရေးအတွက် လုပ်နေတဲ့အဖွဲ့အစည်းဆိုရင် စစ်ကောင်စီနဲ့ မပတ်သက်တော့ဘူးဆိုပြီးတော့ လာပြီးတော့ပါဝင်မယ်၊ အမှုထမ်းမယ်ဆိုတာလည်းပဲ တချို့တွေလည်းရှိပါလိမ့်မယ်။ ဆိုတော့ အဲ့ဒီမသိခြင်း အပေါ်မှာအခြေခံပြီးတော့ လာရောက်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကတော့ နံပတ်တစ်ပေါ့၊

နောက်တစ်ခုက ကျနော်မြင်တာ ဥပမာပေါ့ဗျာ တချို့အဖွဲ့အစည်းတွေကြတော့လည်း လုပ်ငန်းပေါင်းစုံ ပါဝင်ပတ်သက်နေတဲ့အခါကြတော့ ငွေရေးကြေးရေးတောင့်တင်းတာလည်း ကျနော်တို့ ကရင်အမျိုးသား အစည်းအရုံးထက်ပိုပြီးတော့ တောင့်တင်းတာလည်းပဲ ရှိနိုင်တယ်ဗျာ။ အဲ့လိုအခါမှာ လူရဲ့သဘောသဘာဝ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ လူငယ်တွေရဲ့သဘောသဘာဝအရ ဒါနည်းနည်းပါးပါးပံ့ပိုးမှု အားကောင်း တယ်။ စစ်ယူနီဖောင်းတွေကိုလည်း ခမ်းခမ်းနားနားဝတ်နိုင်တယ်၊ ဆင်ယင်နိုင်တယ်ဗျာ။ ဆိုတဲ့အခါမျိုးကျ တချို့လူငယ်တွေ ကြပြန်တော့လည်း အဲဒီလိုနားလည်တဲ့အပေါ်မှာ အပြင်ပိုင်းမြင်တွေ့ရတဲ့အပေါ် ဦးစားပေး ပြီးတော့ဆိုတာမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်စစ်တပ်ပဲထူထောင်ထူထောင် နိုင်ငံရေးခံယူချက်နဲ့ လုပ်တဲ့အလုပ်မဟုတ်ဘူးဆိုရင် ကျနော်တို့ ဒါကလတ်တလော လူအင်အားစုစည်းတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါလည်းရှိနေတယ်လို့ တွေ့နေကြားနေရတာပေါ့နော်။ ဒါပေမဲ့ ရေရှည်မှာတော့ သက်ရောက်မှု နဲ့ကောင်းကျိုးဖြစ်ဖို့အတွက် အမျိုးသားရေးတော်လှန်ရေးအတွက် တကယ်ကောင်းကျိုးဖြစ်ဖို့အတွက် ခက်နေဦးမှာလို့ပဲ ကျနော်သုံးသပ်မိပါတယ်။