ဇန်နဝါရီ ၄ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နိုင်ငံအတွင်း အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရန် အပါအဝင် အချက် ၄ ချက်ကို လုပ်ဆောင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က စစ်ကောင်စီကို တောင်းဆိုကြောင်း ယနေ့ ကျရောက်သည့် ၇၇ ကြိမ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ တောင်ဆိုချက်များမှာ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန် နှင့် တိုင်းပြည်ကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပါရန် စသည့်အချက်များဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများ ပုံဖော်လိုသည့် အနာဂတ် အခွင့်အရေးကို အစောဆုံး အသိအမှတ်ပြုခဲ့သလို ဒီမိုကရေစီရေး၊ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှင့် လူ့အခွင့် အရေးများကို ခံစားခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာ၌ မြန်မာပြည်သူများနှင့်အတူ တသားတည်း ရပ်တည်ခဲ့သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။
ယခုလို အမေရိကန်က တိုက်တွန်းပြောဆိုသော်လည်း လက်ရှိမြန်မာနိုင်ငံတွင် စစ်ကောင်စီက အကြမ်းဖက်မှု ကျူးလွန်နေမှုအပေါ် နိုင်ငံတကာက အရေးယူ မှုအပိုင်းကို အားရမှုမရှိကြောင်း NUG-အမျိုးသားညီ ညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ပါသည်။
“လက်ရှိမြန်မာပြည်မှာ ဖြစ်နေတာက မြန်မာနိုင်ငံတစ်ခုထဲမကဘဲ ဒေသန္တရ တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံ ရေးကိုပါ ထိခိုက်တဲ့ အရာဖြစ်တယ်။ နောက်တစ်ခုက တစ်ကမ္ဘာလုံးက လိုလားနေတဲ့ တရားမျှတမှုကို ထိုးနက် အန္တရာယ်ပြုနေတာဖြစ်တယ်။ ဒီဟာတွေက ငါတို့နဲ့ မဆိုင်ဘူး၊ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်ရဲ့ ကျူးလွန်နေတာ လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ် ပြုနေသလို ကမ္ဘာလုံးရဲ့ တရားမျှတမှုကို စိန်ခေါ်မှု ဖြစ်နေ တာကို သဘောပေါက်ဖို့လိုတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်။
ယနေ့ ကျရောက်သည့် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့တွင် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၅၈၆၄ ဦးကို ကန့်သတ်ချက်များနှင့် လွမ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါ လွတ်မြောက်လာသူထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်သည်ဟု ကနဦး သတင်းများအရ သိရသည်။



















