ဇန်နဝါရီ ၂၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်တွင် ယခုဇန်နဝါရီလအတွင်း စစ်ကောင်စီ ဘက်က လက်နက်ကြီးပစ်ခတ်မှုနှင့်အတူ အဆင့်မြင့်ဒရုန်းသုံးတိုက်ခိုက်မှုများပါ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။
၂၀၂၄ ခုနှစ်ကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ သထုံခရိုင်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ် ကျေးရွာများဘက်သို့ စစ်ကြောင်းဝင်လာပြီး ဒရုန်းသုံးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပြုလုပ်ရာ၌ ယခင်ထက် မော်ဒယ်အဆင့်မြင့်သည့် ဒရုန်းများဖြင့် တော်လှန်ရေးအင်အားစုများ ရှိနေနိုင်သည့် နေရာများနှင့် အများပြည်သူနေထိုင်ရာ ကျေးရွာများသို့ ဗုံးကြဲချ ပစ်ခတ်တိုက်ခိုက်မှု ပိုမိုပြုလုပ်လာသည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ် တစ်ဦးက ယခုလို ပြောသည်။
“မဲပလီရွာဘက်မှာတော့ စစ်ကောင်စီတပ်တွေကစစ်ကြောင်းထိုးတယ်။ အဲဒီတုန်းကလည်း ဒရုန်းတွေပါ သယ် လာတာ။ သူတို့ဒရုန်းတွေက တော်တော်လေးကွာလတီ မီတာတွေ သုံးလာတယ်လို့ ပြောလို့ရတာပေါ့။ ကင်မရာ တွေ တော်တော်ကောင်းတယ်။ ထိရောက်တဲ့အားလည်း ကောင်းတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် ငှက်ပျောတော၊ တဂေချောင်းဖျား အကြားမှ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ၎င်းတို့ သယ်ဆောင်လာသည့် ဒရုန်းဖြင့် ကရဝေးဆိပ် ကျေးရွာဘက်သို့ ဗုံးကြဲပစ်ခတ်ခဲ့ရာ ဒေသခံနေအိမ်ပေါ်ကျရောက်ပြီး အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၉ ရက်နေ့တွင်လည်း ခရွှဲ၊ အောင်နဝင်းကုန်းနှင့် စစ်ကွင်းကျေးရွာသို့ လက်နက်ကြီးအပြင် ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် ဒေသခံပိုင်နေအိမ်နှင့်ဆိုင်ခန်းတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ကေအဲန်ယူ သထုံ ခရိုင်ဘက်က ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
ကျိုက်ထိုမြို့နယ်နေ အမျိုးသမီးတစ်ဦးက “ခုနောက်ပိုင်း စကစ က လက်နက်ကြီးထက် ဒရုန်းသုံးတာပိုများ လာတယ်။ ဒီလထဲ မဲရုံလေးဘက်မှာ တစ်ခါကျတုန်းက လက်နက်ကြီးသံ မကြားရဘူး အုန်းခနဲပဲ ဒရုန်းသံ။ တစ်နေ့ကို ငါးခါ၊ ခြောက်ခါလောက် ဒရုန်းပျံတယ်။ ကင်းထောက်ဒရုန်းတွေလို့ ထင်တာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိအချိန်ထိ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်း ကျင်ဖြင့် စစ်ကြောင်းလှည့်လည် သွားလာနေခြင်းများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က အရပ်များနေထိုင်ရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာအောက်ပိုင်းနေ အမျိုးသမီး တစ်ဦး သေဆုံးပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်အပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာများ ရရှိသွားခဲ့သည်။