ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးနှင့်လေကြောင်းပစ်ခတ်မှုကြောင့် မဲပလီ၊ ညောင်ထောက်၊ နတ်ကြီး၊ ဇီးကုန်း အစရှိသည့် ကျေးရွာ(၅)ရွာထက်မနည်း ဒေသခံဦးရေထောင်ချီပြီး စစ်ရှောင်နေရကြောင်း ဘီးလင်းမြို့နေလူထုက ပြောသည်။
တော်လှန်ရေးသတင်းအရင်းအမြစ်၏ပြောဆိုချက်အရ ဇန်နဝါရီလပထမပတ်က မဲပလီအခြေစိုက် စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်တွင် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ယင်းစခန်းအနီး လူထုနေထိုင်ရာကျေးရွာများသို့ လေကြောင်းအပါအဝင် လက်နက်ကြီးများပစ်ခတ်သဖြင့် ထိုသို့ပြေးလွှားပုန်းရှောင်ကြရကြောင်း သိရသည်။
ဘီးလင်းမြို့ခံ ဒေသခံအမျိုးသားတစ်ဦးက “ညောင်ထောက်၊ နတ်ကြီး၊ မဲပလီ အဲဒီဝန်းကျင်ကတချို့တွေ ကျနော်တို့ ဘက်လာရှောင်တာရှိတယ်။ ကျနော်တို့လည်း ကိုယ်နိုင်သလောက်ကူညီပေးပါတယ်။ စစ်တပ်ကတော့ မဲပလီ ပတ်ဝန်းကျင်မှာ Y12 တို့ ဒရုန်းတို့နဲ့လာပစ်သွားတယ်။ ဒီရက်ပိုင်းလည်း ကျိုက်ထိုကနေ အလူးကြီးဘက်ကို ၁၂၀ မမတွေ လှမ်းပစ်တယ်။ အဲဒါက ရွာတွေနားထိကျတာ။” ဟု ပြောသည်။
တိုက်ပွဲပုံစံဖြင့် ကြီးမားစွာဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ကအထိ စစ်တပ်စခန်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေသောကြောင့် ပြေးရှောင်ရသည့်ဒေသခံများမှာ မိမိတို့နီးစပ်ရာ ဘီးလင်းမြို့နယ်အတွင်းသာမက ကျိုက်ထိုမြို့နယ်အထိပါ ရှောင်ပုန်းနေကြရကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၁)၏ တာဝန်ရှိသူအချို့နှင့် စစ်ရှောင်ကူညီနေသည့် သတင်းအရင်းအမြစ်မှသိရသည်။
ထို့အပြင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံများ နေအိမ်ပြန်ရန်စိတ်ချရ သည့်အနေအထားမရှိသေးသောကြောင့် ဌာနေလူထုများ၏အထောက်အပံ့ဖြင့် လတ်တလောထိ နေထိုင်စားသောက်ရေး ကူညီထားရသည်ဟု ဆိုသည်။
“ရွာတွေအားလုံးပေါင်းလိုက်ရင်တော့ ထောင်ကျော်တယ်။ ကျနော်တို့ရွာမှာတင် နတ်ကြီးရွာတစ်ရွာ တည်းကလူဦးရေ ရာချီနေပြီ။ ထောက်ပံ့တာကလည်း လောလောဆယ် ကျနော်တို့မိတ်နဲ့ကျနော်တို့ပေါ့။ ဟိုကဆန်သုံးအိတ်၊ ဒီကဆန်နှစ်အိတ် လိုက်အလှူလိုက်ခံထားတာလေးတွေနဲ့ ကူညီထားတယ်” ဟု စစ်ရှောင်ကူညီသူ ဒေသခံအမျိုးသားက ပြောသည်။
မဲပလီရွာအခြေစိုက်စစ်ကောင်စီစခန်းက တပ်ဖွဲ့ဝင်များမှာ ၎င်းအနီးနားရှိတပ်စခန်းများ၊ ကျေးရွာများသို့ စစ်ကြောင်းလှည့်လည်သွားလာစဥ်တွင် ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အပြစ်မရှိကြိမ်း မောင်းရိုက်နှက်ခြင်း၊ စခန်းတွင်းမှနေ၍လည်း လက်နက်ကြီးပစ်ခတ်မှုတို့ကို လုပ်ဆောင်ဖူးကြောင်း ကေအဲန်ယူ သထုံခရိုင်ဘက်က ထုတ်ပြန်ပြောဆိုမှုများအရ သိရသည်။
ထို့အပြင် စစ်ကောင်စီဘက်က လတ်တလောပစ်ခတ်မှုများကြောင့် ဇန်နဝါရီလ(၃)ရက်နေ့တွင် နတ်ကြီးကျေးရွာနေ ဒေသခံအမျိုးသား တစ်ဦးနှင့်အမျိုုးသမီးတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟုလည်း ကေအဲန်ယူ တပ်မဟာ(၁) ဘက်က ပြောသည်။