Home သတင်း လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ကမှိုင်ကုန်းရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ကမှိုင်ကုန်းရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

261

ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ တောင်ပိုင်းရှိ ကမှိုင်ကုန်း ကျေးရွာသို့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့်ရက်ပိုင်းတွင် မကြာခဏ လက်နက်ကြီးပစ်ခတ် နေမှုကြောင့် ရွာခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ယခင်က လက်နက်ကြီးကို အားထားအသုံးပြုရာမှ လက်ရှိတွင် ဒရုန်းများကို ပိုမို အသုံးပြုလာပြီး ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးအပြင် ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယခုလို စစ်ကောင်စီတပ်က လက်နက်ကြီးသာမက ဒရုန်းဗုံးကြဲပြီး မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများက မိသားစုလိုက် ခေါ်ဆောင်၍ ဘေးလွတ်ရာ နေရာများသို့ သွားရောက်နေထိုင်ကြရသည့်အပြင် မိမိတို့ နေအိမ်များသို့ ခေတ္တ ပြန်လည်ကြည့်ရှုရသည့် အခြေအနေသာ ဖြစ်သည်ဟု ‌ရွာအနီးနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

“ရွာမှာ မနေရဲကြတော့တာ များတယ်။ ဘုမသိဘမသိ စစ်ကောင်စီက လာပြီး လက်နက်ကြီးနဲ့အမြဲလိုလို ပစ်တော့ လူတွေလည်း သတိနဲ့နေရတယ်။ ‌တချို့တွေကြတော့ အိမ်မှာကျန်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်ကြည့် တာတို့ ရှိတယ်။ ဒီမှာ ဘာတိုက်ပွဲမှ မရှိဘူး။ သူတို့ တချက်တချက် ရမ်းသမ်းပြီး ရွာဘက်ကို ပစ်နေတော့ လူတွေလည်း ကြောက်လို့ မနေရဲကြ‌တော့ဘူးလေ” ဟု ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါ ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး‌များ မကြာခဏ ကျရောက်မှုများ ရှိနေသေးသဖြင့် ‌ဒေသခံများ တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ကေအဲန်ယူ အုပ်ချုပ်သည့် နယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခိုက် တိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများလည်း မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံး ထိခိုက်မှုများ လည်း ဆက်တိုက်ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်မှ ကမိုင်းကုန်းကျေးရွာကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန် ထား သည်။