Home သတင်း မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီစစ်ကြောင်းထိုး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီစစ်ကြောင်းထိုး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

119

ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို နယ်မြေစိုးမိုးမှုပြန်ရရန် စစ်ကောင်စီက ဇန်နဝါရီ ၁၉ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တော်လှန်ရေးတပ်များနှင့် နှစ်ဖက် တိုက်ပွဲပြန်းထန် နေသည်ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးက ပြောသည်။

အဆိုပါ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၂၂) မှ အင်အား ၄၀၀ ဝန်းကျင်ဖြင့် ယခုလို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးက ယခုလို ပြောသည်။

“ဟုတ်ပါတယ်။ ဒီမိုးဗြဲမြို့ကို စစ်ကောင်စီကပြန်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က အင်အား အလုံး အရင်းနဲ့ ဝင်ရောက်လာတာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီးတော့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ကျနော်တို့ သိထားရပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့် အတွက် မိုးဗြဲဒေသခံများ အနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းရန်မှ လွတ်မြောက်ရန် နီးစပ်ရာ စစ်ဘေးရှောင်စခန်းရှိရာ နေရာများသို့ ပြန်လည်ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကရင်နီ စစ်ဘေးရှောင် အနီးကပ်ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။

“မိုးဗြဲမှာက ဒေသခံတော်တော်များများ လာပြန်နေပြီး။ အခုစစ်တပ်က စစ်ကြောင်းပြန်ထိုးတော့ နောက်ထက် တစ်ခေါက် နီးစပ်ရာစစ်ဘေးရှောင်စခန်းတွေကို ပြန်ပြီးရှောင်တိမ်းနေရတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင်စတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေးအတွင်း ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။ မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်းကာ နည်း မျိုးစုံဖြင့် ကြိုးစားလျက်ရှိနေသည်ဟု သိရသည်။