ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်တပ်နှင့် ဗီယက်နမ်တယ်လီကွန်းကုမ္ပဏီ Viettel တို့ ဖက်စပ်လုပ်ကိုင်သည့် မိုဘိုင်းတယ်လီကွန်း ကုမ္ပဏီ Mytel (မိုင်တဲလ်)ကို အမေရိကန်က အရေးယူပိတ်ဆို့မှုအပေါ် ကြိုဆိုပြီး ဗြိတိန်နှင့် အီးယူကပါ ပိတ်ဆို့ အရေးယူရန် ဘားမားကမ်ပိန်း ယူကေ (Burma Campaign UK) က ဇန်နဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
ထို့အပြင် စစ်တပ်ပိုင် မိုင်တဲလ် (Mytel)ကို ယခုလို အမေရိကန်က ပိတ်ဆို့အရေးယူမှု ပြုလုပ်သည့် အပေါ် ဗြိတိန်နှင့် အီးယူ နိုင်ငံ များကပါ ကြိုဆိုသင့်သည်ဟု ဘားမားကမ်ပိန်း ယူကေက ယခုလို ပြောသည်။
“ဗြိတိန်အစိုးရနဲ့ ဥရောပသမဂ္ဂတို့ဟာ အခု အမေရိကန်ရဲ့နောက်ကို လိုက်ပြီးတော့ Mytel ကို ဒဏ်ခတ်အရေးယူရမှာ ဖြစ်ပါ တယ်” ဟု Burma Campaign UK ၏ ဒါရိုက်တာ မက်ခ်ဖာမနာက ပြောသည်။
ထို့အပြင် ဗီယက်နမ် စစ်တပ်ပိုင် Viettel ကို ဗမာစစ်တပ်နှင့် ဆက်စပ်နေသည့်အတွက် ဘားမားကမ်ပိန်း ယူကေက ‘Dirty List’ စာရင်း၌ ထည့်သွင်း ထားသည်ဟု သိရသည်။
Mytel သည် စစ်တပ်ပိုင် ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း ရှယ်ယာ ငါးဆယ်ရာခိုင်နှုန်းအောက်သာ ပိုင်ဆိုင်သည့်အတွက် နိုင်ငံ တကာ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုမှ ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အမြတ်ငွေများကို စစ်တပ်က ရရှိနေသလို တာဝါတိုင်များနှင့် အခြေခံအဆောက်အဦးများအတွက် မြေငှားရမ်းခြင်းကိုကို စစ်တပ်က လုပ်ဆောင်ပေးနေသည်ဟု ဘားမား ကမ်ပိုင်းယူကေက ပြောသည်။
“Mytel ဟာ မြန်မာစစ်အစိုးရစီးပွားရေး အင်ပါယာရဲ့ သရဖူရတနာတစ်ပါးဖြစ်ပြီး ကုမ္ပဏီကို ဒဏ်ခတ်အရေးယူဖို့ အချိန်က နောက်ကျနေပြီး” ဟု ဒါရိုက်တာ မက်ခ် ဖာမနာ က ပြောသည်။
ဗြိတိန် အစိုးရအနေဖြင့် မြန်မာစစ်တပ်၏ ဝင်ငွေ၊ လက်နက်နှင့် ပစ္စည်းများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ကနဦး လုပ်ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂ နှစ်အတွင်း ပိတ်ဆို့မှု နှေးကွေးလာပြီး ပိတ်ဆို့မှုအသစ် ၂ ကြိမ်သာ ပြလုပ်နိုင်ခဲ့သည်ဟု ဘားမားကမ်ပိန်း ယူကေက ထောက်ပြထားသည်။
စစ်ကောင်စီတပ်ပိုင် Mytel ကို အမေရိကန်က ဒဏ်ခတ်အရေးယူ ပိတ်ဆို့ကြောင်း ဇန်နဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။