Home သတင်း ပုလော ခလရ-၁၇ ကို တော်လှန်ရေးတပ်များ သွားတိုက်၊ စစ်ကောင်စီက ဗုံး ၇၀ လုံးကျော် ကြဲချ

ပုလော ခလရ-၁၇ ကို တော်လှန်ရေးတပ်များ သွားတိုက်၊ စစ်ကောင်စီက ဗုံး ၇၀ လုံးကျော် ကြဲချ

159
Photo: မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း

ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၁၇)ကို တော်လှန်‌ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်၊ နံနက် ၈ နာရီတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက တနေ့တည်း ဗုံးအလုံး ၇၀ ကြဲချ တုန့်ပြန်ခဲ့သည်ဟု PDF မြိတ်ခရိုင် တပ်ရင်း-၁ က ထုတ်ပြန်ပြောသည်။

ယခုလို တော်လှန်ရေးတပ်ဖွဲ့က ခလရ(၁၇) ကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက နံနက် ၉ နာရီခွဲနှင့် ၁၀ နာရီအချိန်တွင် ရဟတ်ယာဉ်ဖြင့် ဗုံး ၁၆ လုံးကြဲချ စစ်ကူတိုက်ခိုက်ခဲ့သည်။ ယခုလိုလေကြောင်းပစ်ကူများ ရောက်ရှိလာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ နံနက် ၁၀ နာရီအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့သည်။

အဆိုပါ နှစ်နာရီကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားသော်လည်း တော်လှန်ရေးပူးပေါင်း တပ်များဘက်က ထိခိုက်သေဆုံးမှုမရှိဟု ပြည်သူ့ကာကွယ်ရေးတပ်၊ မြိတ်ခရိုင် တပ်ရင်း-၁ က ထုတ်ပြန်ပြော သည်။

ထို့အပြင် ပုလောမြို့နယ်၊ ပါဒစက်တော်ရာအနီးတဝိုက်၌ ကေအဲန်ယူ၊ တပ်မဟာ-၄ ရှိ၊ ကရင်အမျိုးသားကာကွယ် ရေးတပ်(KNDO)၊ တပ်ရင်း(၇)နှင့် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပူးပေါင်းမဟာမိတ်များသည် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး စစ်ကောင်စီဘက်ကလည်း ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက် တည်းအဆိုပါ နေရာတဝိုက်ကို ဗုံး ၇၀ လုံးကြဲချ တုန့်ပြန်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဘက် က ပြောသည်။

အဆိုပါ ပလမြို့ရှိ စက်တော်ရာရွာနှင့် သဲပုံရွာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရ သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဒေသခံထိခိုက်မှုတော့ မရှိဘူး။ တချို့နေရာတွေမှာက တိုက်ပွဲခနခန ဖြစ်တော့ ဒေသခံတွေနေအိမ်မှာ မနေကြ တာ များတယ်။ အဲ့တာကြောင့်လည်းပါတယ်။ တိုက်ပွဲအသံ၊ လက်နက်ကြီး အသံတွေမကြာခဏ ကြားနေရတော့ လက်နက်ကြီးစမှန်မှာကိုတော့ စိုးရိမ်မှုတွေရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာတိုက်ပွဲအတွင်း လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးမှု ဖြစ်ပွားခဲ့ဖူးသည်။