ဇန်နဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် မြို့နယ်(၃)ခုတွင် နှစ်သစ် ကူးကာလအတွင်း စစ်ကောင်စီ၏ ဒရုန်း၊ မိုင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး (၂)ဦး အပါအဝင် (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟို၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ မှ ၂၀၂၅ ခုနှစ်သို့ အကူးအပြောင်းကာလဖြစ်သည့် ဒီဇင်ဘာ(၃၁)ရက်နေ့နှင့် ဇန်နဝါရီလ(၁)ရက်နေ့တွင် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် မုန်းမြို့နယ်နေ အမျိုးသမီး(၁)ဦးနှင့်အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရွှေကျင်မြို့နယ်၌လည်း ဒရုန်းဗုံးဖြင့်တိုက်ခိုက်မှုကြောင့် နောက်ထပ် ဒေသခံအမျိုးသမီး(၁)ဦးနှင့်အမျိုးသား(၁)ဦး ထိခိုက်ခဲ့သည်ဟု ဆိုသည်။
“စစ်တပ်လက်နက်ကြီးက ရွာတွေကိုပဲပစ်မှတ်ထားပြီးချတာ။ ကျနော်တို့လယ်ရှိတဲ့ရွာဆို ကျန်ခဲ့တဲ့ ရက်က လက်နက်ကြီးကြောင့် ၂ ယောက်ထိသွားတယ်။ တစ်ယောက်ကခြေထောက်ဖြတ် ပစ်လိုက်ရတယ်။ တစ်ယောက်ကလက်ပြင်မှာ အခုထိဆေးရုံမဆင်းရသေးဘူး။ ကျနော်တို့လည်း လက်ရှိနေတဲ့နေရာက ထပ်ပြောင်းရပြန်ပြီ”ဟု ထပ်ဆင့်စစ်ရှောင်နေရသည့် နတ်သံကွင်း ဒေသခံအမျိုးသားက ဇန်နဝါရီလ(၁)ရက်နေ့တွင် ပြောသည်။
ထို့အတူ ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်တွင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ ထောင်ထားသော မိုင်းနင်းမိသဖြင့် ကျောက်တံခါးမြို့နေ အမျိုးသားတစ်ဦး ခြေထောက်နှစ်ဖက်ပြတ် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျေးရွာနှစ်ရွာသို့ လေကြောင်းမှပစ်ခတ်သဖြင့် ဒေသခံပိုင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဆက်လက်ဖော်ပြထားသည်။

စစ်ကောင်စီဘက်က ဝါဒဖြန့်လူမှုကွန်ရက်မီဒီယာများကမူ KNU ထောင်ထားသော မိုင်းနင်းမိသဖြင့် အဆိုပါဒေသခံထိခိုက်ခဲ့ရခြင်းဖြစ်သည်ဟု တန်ပြန်ပြောဆိုထားသည်ကို တွေ့ရသည်။
ညောင်လေးပင်ခရိုင်သည် စစ်အစိုးရအာဏာသိမ်းပြီးနောက် တိုက်ပွဲများခပ်စိပ်စပ်ဖြစ်ပွားလျက်ရှိရာ နယ်မြေဖြစ်သလို ကျေးရွာများသို့ စစ်တပ်ကစစ်ကြောင်းထိုး ပစ်ခတ်မှု၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုများကြောင့် ကေအဲန်ယူ ခရိုင် ၇ ခုအနက် စစ်ဘေးရှောင်အများဆုံးရှိပြီး ဆက်သွယ်ရေးနှင့်လူမှုစီးပွား ခက်ခဲကြပ်တည်းသည့် နယ်မြေလည်းဖြစ်သည်။
အလားတူ စစ်ကောင်စီက အခါကြီးရက်ကြီးများပါမချန် လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှုမှာ ညောင်လေးပင်ခရိုင်အတွင်းသာမက ကေအဲန်ယူ တပ်မဟာ(၁)သထုံခရိုင်နှင့် တပ်မဟာ(၅) ဖာပွန်ခရိုင်တို့တွင်လည်း ဖြစ်ပွားခဲ့ပြီး အများပြည်သူထိတ်လန့်ရှောင်ပုန်းခဲ့ရသည်ဟု ဒေသခံတို့ကဆိုသည်။