ဇန်နဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို မြို့ပေါ်ရှိ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လည်ပိုင်း တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးသွားသည်ဟု TNLA က ထုတ်ပြန်ပြောသည်။
ယခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးနေရာများသို့ ဗုံးကြ ရောက်ပေါက်ကွဲခဲ့ပြီး အနီးရှိနေအိမ်များလည်း ထိခိုက်ပျက်စီးသွားသည်။ ထို့အပြင် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ဒေသခံ၂ ဦးထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ဒေသခံများနှင့် TNLA က ထုတ်ပြန် ပြောသည်။
ထိုသို့ စစ်ကောင်စီက ဗုံး ၂ လုံးကြဲချ တိုက်ခိုက်သည့်အတွက် ဒေသခံများ၏ နေအိမ်များမီးလောင်မှု ဖြစ်ပေါ်ခဲ့ရာ နောင်ချိုမြို့ရှိ TNLA မီးသတ်ဌာနနှင့် ပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ စစ်ရေးပဋိပက္ခကြောင့် အမျိုးသမီး ၄၇၈ ဦးသေဆုံးခဲ့ရာ အများစုသည် စစ်ကောင်စီ ဗုံးကြဲခံရမှုကြောင့် ဖြစ်ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ အဖွဲ့ချုပ် (BWU) က ထုတ်ပြန် ပြောဆိုထားသည်။