ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဒေါ်နယ်ထရမ့် အမေရိကန်ပြည်ထောင်စု သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်ပြီး နာရီပိုင်းအတွင်း ဒုက္ခသည် ခေါ်ယူရေး အစီစဉ်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု သမ္မအိမ်ဖြူတော်က ထုတ်ပြန်ကြေညာ လိုက်သည်။
အမေရိကန်အနေဖြင့် ဒုက္ခသည်များကို ကူညီရန် ငွေကြေးနှင့် နေရာထိုင်ခင်း၊ အိမ်ယာ စသည့် အရင်းအမြစ်များ မလုံလောက်သလို ဒုက္ခသည် အများအပြား မြို့ကြီးများသို့ ဝင်ရောက်လာပြီး ပြဿနာများ ရှိနေကာ ဂရုစိုက်ရန် လစ်ဟာလာသည့်အတွက် ယခုလို ယာယီရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
အဆိုပါ ထုတ်ပြန်ချက်၌ ဒုက္ခသည် လျှောက်လွှာများကို ဇန်နဝါရီ ၂၇ ရက်နေ့မှစ၍ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဆိုင်းငံ့ကာလအတွင်း အမေရိကန်နိုင်ငံအတွက်အရေးကြီးပြီး အစိုးရကခွင့်ပြုသည့် ဒုက္ခသည်များကိုသာ ခေါ်ယူ ခွင့် ပြုမည်ဟု အိမ်ဖြူတော်က ပြောဆိုသည်။
ထို့အပြင် အမေရိကန်၏ ၂၀၂၁ ခုနှစ် ဒုက္ခသည်ခေါ်ယူရေး စည်းကမ်း သတ်မှတ်ချက်ဟောင်းကိုလည်း ပယ်ဖျက် လိုက်ပြီး အစီစဉ်သစ်ကို ပြန်မွမ်းမံ ပြင်ဆင်ကာ အဆင်သင့်ဖြစ်ချိန်တွင် ဒုက္ခသည်များ ပြန်ခေါ်ခွင့် ပြုသွားမည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမေရိကန်သည် တစ်ကမ္ဘာလုံးရှိ ဒုက္ခသည်များကို ခေါ်ယူနေပြီး ယခုလို ဆိုင်းငံ့လိုက်ခြင်းနှင့် ပတ်သက်၍ UNHCR က ထိုင်းရှိ မြန်မာဒုက္ခသည်များကို တစ်စုံတစ်ရာ အသိပေး ပြောဆိုလာခြင်း မရှိသေးဟု ကရင်ဒုက္ခသည် များကော်မတီ အတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီသို့ ပြောသည်။
“UNHCR ဘက်ကတော့ ကျနော်တို့ကို ဘာမှအသိပေးတာ မရှိပါဘူး။ ဒါပမယ့် ကြားလိုက်တာတစ်ခုကတော့ ကယ်လီဖိုးနီးယားမှာ မီးလောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အနီးမှာနေတဲ့ လူတွေကိုတော့ ယာယီ ဆိုင်းငံ့ ထားလိုက်တာ ရှိတယ်လို့တော့ ကြားတယ်။ ဒီလ ၉ ရက်နေ့တုန်းက အုန်းဖြန် ဒုက္ခသည်က အိမ်ထောင်စု ၇ စု လောက်ရပ်လိုက်တာ တစ်ခုကြားရတယ်။ အသေးစိပ်တော့ မသိရပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို အမေရိကန် တစ်နိုင်ငံတည်းကသာ ခေါ်ယူနေခြင်း ဖြစ်သည်။ ထို့အပြင်၂၀၂၄ ခုနှစ်တွင် ဘန့်ဒုံယမ်း၊ ထမ့်မဟင်နှင့် အုန်းဖြန်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ အမေရိကန်သို့ အခြေချခွင့်အစီစဉ် လျှောက်ထားသူ ၈၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။
ထိုအထဲမှ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားသည့် ဒုက္ခသည်ဦးရေ ၄၀၀ ဦးခန့်ရှိသလို ကျန်ရှိသောသူတချို့ကို လူတွေအင်တာဗျူးခြင်းနှင့် ဆေးစစ်ခြင်း အစီစဉ်များ လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ကရင်ဒုက္ခသည်များ ကော်မတီထံမှ သိရသည်။