Home သတင်း ဒေါနတောင်ကျော် လမ်းများကို ပြန်သိမ်းရန် ကော့ကရိတ်တွင် စစ်ကောင်စီ အင်အားဖြည့် ပြင်ဆင်နေ

ဒေါနတောင်ကျော် လမ်းများကို ပြန်သိမ်းရန် ကော့ကရိတ်တွင် စစ်ကောင်စီ အင်အားဖြည့် ပြင်ဆင်နေ

295
Photo: Social Media

ဇန်နဝါရီ ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်နှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန် ယခုရက်ပိုင်းတွင် ကော့ကရိတ်တွင် စစ်ကောင်စီက အင်အားဖြည့်တင်း၊ ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့က ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် ခန့်မှန်းအင်အား ၅၀၀ ခန့်သည် ဖားအံမြိုမှ ကော့ကရိတ်သို့ သံပြားများကာ ထားသည့် စစ်ကားများ၊ ကုန်ကား၊ အိမ်စီးကား ၃၀ စီးခန့်ဖြင့် ဇန်နဝါရီ ၇ ရက်နေ့တွင် ရောက်ရှိလာပြီး စကခ ၁၂ ၊ခလရ ၉၇ ၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်း စသည့် စခန်းချနေရာများ၌ စစ်ကူနှင့် လက်နက် ခဲယမ်းဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အင်္ဂါနေ့ ညနေက စစ်ကားကြီး၊ သံပြားကာ အလုံပိတ်ကားတွေ၊ ကုန်ကား၊ ဟိုင်းလပ်ကား တွေ နဲ့ စစ်သားသစ် ခလေးတွေ ဝင်လာတာ။ ၁၀ စီး တစ်သုတ် ၃၊ ၄၊ ၅ စီး တစ်သုတ် အဲ့လို့မျိုး မြို့ထဲ ဝင်လာတာ၊ သူတို့ အခု မြို့ထဲ ဘုန်းကြီး ကျောင်းတွေမှာ တပ်ဖြန့်ပြီး နေရာယူ တပ်စွဲထားတယ်။ အောင်ဇေယျ ကွတ်ကဲရေးစခန်းက ရွှေကြက် မင်း ဘုန်းကြီးကျောင်းကို စစ်စခန်း လုပ်ထားပြီး အဲ့ဒီမှာ စစ်သားသစ် ကလေးတွေတောင်ပါ် တက်ဖို့လုပ်နေတယ်။ စစ်သားအင်အား မှန်းခြေ ၅၀၀ လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကျုံဒိုး၊ ညီညာသာလင်း၊ ရေပူ ရွာဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီ လမ်းကင်းပုန်းဝပ်တပ်ဖွဲ့များ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိ ရင်ခွဲတောင်၊ ရေပူနှင့် ကောကရိတ် စကခ-၁၂ တွင် စစ်ကောင်စီ တပ်များကို ကြားဖြတ်တိုက်မှုများ ပြုလုပ် နေပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု ပြည်သူ့ ကာကွယ်ရေးတပ် စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်က ဒေါနတာင် လမ်းဟောင်းဘက်ရော၊ အာရှလမ်းရောကို အောင်ဇယျ စစ်ကြောင်းက ပြန်အရသိမ်းမယ် လို့လည်းသတင်းရှိနေ‌တော့ ကော့ကရိတ်ကို ခံစစ်ပြင်နေတာ လူတွေမနေရဲ ကြတော့ဘူး။ ပြန်ရှောင်နေကြတာမျိုး ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ယခုလို စစ်ရေးတင်းမာနေသည့်အတွက် ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာ ရုံးများ ပိတ်ထားပြီး ဖားအံမြို့တွင် တွဲဖက် တာဝန်ထမ်းဆောင်နေသလို မြို့ခံ စစ်ကောင်စီဝန်ထမ်းများသည် မြို့တွင်းရှိ နေအိမ်နှင့် စစ်ကောင်စီ စခန်းချထားသည့် ဘုန်းကြီးကျောင်းများ၌ ရုံးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရ သည်။