Home သတင်း ထိုင်း-မြန်မာ နယ်စပ်အနီးတွင် တရုတ်နိုင်ငံသား ၂ ဦး ထပ်မံပျောက်ဆုံးနေ

ထိုင်း-မြန်မာ နယ်စပ်အနီးတွင် တရုတ်နိုင်ငံသား ၂ ဦး ထပ်မံပျောက်ဆုံးနေ

170
Photo-Social Media

ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်အနီးတွင် တရုတ်နိုင်ငံသား အမျိုးသား မော်ဒယ်တစ်ဦးနှင့် လူငယ်အမျိုးသမီးတစ်ဦးတို့ ထပ်မံပျောက်ဆုံး နေပြီး မိသားစုနှင့် ဆွေမျိုးများက ပြန်ရှာပေးရန် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံထားသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ပျောက်ဆုံးနေသူမှာ တရုတ်မော်ဒယ် ယန်ဇီကီ ဖြစ်ပြီး ဆွေမျိုးများက ပျောက်ဆုံးမှုအကြောင်းကို အင်တာနက်လူမှု စာမျက်နှာ များပေါ်တွင် အကူအညီတောင်းခံခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် ပိုဂျန် သက်ချိုင် ပီတနီလဘု က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

ပျောက်ဆုံးမှုမတိုင်ခင်က မော်ဒယ်ယန်က WeChat မှာ ရုပ်ရှင်တစ်ကားအတွက် စစ်ဆေးမှု အောင်မြင်သည်ဟု ပြောဆိုထား သည့် မက်ဆေ့ချ် တစ်ခုကို ရရှိခဲ့ကြောင်း၊ ထို့နောက် ယန်သည် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် လေယာဉ်ဖြင့် ပေကျင်းမြို့မှ သုဝဏ္ဏ ဘူမိလေဆိပ်သို့ နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။

လေဆိပ်မှ ကားတစ်စီးနှင့်ထွက်ခွာသွားပြီးနောက် နယ်စပ်သို့ ရုပ်ရှင်အဖွဲ့သားများ စီစဉ်ထားသည့်အခြား ယာဉ်တစ်စီးပေါ်သို့ ပြောင်းစီးစေခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မော်ဒယ်ယန်က သူငယ်ချင်းတစ်ဦးထံ ဝမ်းနည်းနေသည်ဟု မက်ဆေ့ချ် ပို့ပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်က အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး စားပွဲပေါ်လက်တင်ကာ ကုလားထိုင်ပေါ်ထိုင်ပြီး မိခင်ထံ ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ပြီးနောက် ဖုန်းစက်ပိတ်သွားသည်။

Photo- Social Media

ထို့သို့ ဗီဒီယိုခေါ်ဆိုမှုပြီးနောက် ၎င်းဆွေမျိုးများက တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်းတိုင်ကြားခဲ့ပြီး ထိုင်းနှင့် မြန်မာနိုင်ငံရှိ တရုတ် သံရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သည်။

အလားတူ အခြားတရုတ်နိုင်ငံသူ ဝူကျာကျီ အသက် ၂၁ နှစ်သည်လည်း ပျောက်ဆုံးနေပြီး ဖခင်ဖြစ်သူက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ထံ အကူအညီတောင်းခံထားသည်ဟု သိရသည်။

တရုတ်နိုင်ငံသူ ဝူကျာကျီ ထိုင်းနိုင်ငံသို့ ဇန်နဝါရီ ၆ ရက်နေ့တွင် ရောက်ရှိလာပြီးနောက် သူငယ်ချင်းများနှင့် မိသားစုများတို့နှင့် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ထံ ဇန်နဝါရီ ၈ ရက်နေ့တွင် မိသားစုက တိုင်ကြားထားသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် သူမလေဆိပ်မှ ထွက်ခွာသွားသည့် လမ်းကြောင်းတစ်လျှောက် စီစီတီဗီမှတ်တမ်းများကို ခြေရာခံစစ်ဆေးနေသည်ဟု စစ်ဆေးရေးအရာရှိချုပ် ပိုဂျန်သက်ချိုင် ပီတနီလဘုက ပြောကြားသည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။