Home သတင်း ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု မြန်မာက အဆင့် ၂ နေရာ ဆက်ရှိနေ

ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု မြန်မာက အဆင့် ၂ နေရာ ဆက်ရှိနေ

124
Photo: Bangkok Post

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်၌ နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှုမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ပထမ ၉ လ စက်တင်ဘာလ ကုန်ထိ အဆင့် ဒုတိယနေရာတွင် ရပ်တည်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီက ကန့်သတ်စည်းကမ်းများ ထုတ်ပြန်လိုက်သည့်အတွက် ကွန်ဒိုတိုက်ခန်းဝယ်ယူမှု လျော့နည်းသွားသော်လည်း တရုတ်နိုင်ငံပြီးလျှင် မြန်မာက ဒုတိယအများဆုံးဖြစ်နေပြီး ရုရှားက တတိယနေရာတွင်ရှိနေသည်ဟု ထိုင်း အိမ်၊ ခြံ၊ မြေ လုပ် ငန်း Cushman & Wakefield Thailand မှ သုတေသန အကြံပေးအရာရှိ စူရချက် ခွန်ချိပ်က ယခုလို ပြောသည်။

“မြန်မာဝယ်လက်တွေရဲ့ ထိုင်းကွန်ဒိုဝယ်ယူမှု တားဆီးခံရတာရဲ့ သက်ရောက်မှုက ယာယီဈေးကွက်ကို အနှောင့်အယှက် ဖြစ်စေပါတယ်” ဟု ၎င်းက ဘန်ကောက်ပို့စ် သတင်းစာတွင် ပြောဆိုသည်။

ထိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံသားများကို အိမ်၊ ခြံ၊ မြေ ဝယ်ယူရေး ခရီးစဉ်ဖြင့် ထိုင်းနိုင် ငံသို့ ခေါ်ဆောင်လာရန် လိုလားနေသည်ဟု ၎င်းက မှတ်ချက်ပြုပြောသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ၉ လအတွင်း မြန်မာနိုင်ငံသားများ ထိုင်းကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမှာ ယခင် ၂၀၂၃ ခုနှစ် ပထမ ၉ လ ထက် ကျော်လွန်သွားသည်။

အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC)၏ အချက်အလက်များအရ မြန်မာနိုင်ငံသားများ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ထိ ကွန်ဒိုတိုက်ခန်း ၁,၀၅၀ ခန်း၊ စုစုပေါင်း ဘတ် ၅.၄၆ ဘီလီယံဖိုး ဝယ်ယူထားသည်။ ယခင် ၂၀၂၃ ခုနှစ် ကာလတူအတွင်း အခန်းရေ ၂၄၇ ခန်း၊ တန်ဖိုး စုစုပေါင်း ၂.၂၅ ဘီလီယံတန်ဖိုးထိသာ ရှိခဲ့သည်။

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံဝယ်လက်ထံ ရောင်းချမှုမှာ ယခင်နှစ်ထက် အားကောင်းနေသေးကြောင်း၊ အဓိကအားဖြင့် ဝယ်ယူမှုအများစုသည် နှစ်အစပိုင်းကတည်းက ဝယ်ထားသလို နိုင်ငံပြင်ပသို့ ငွေကြိုတင်လွှဲပို့မှု ပြုလုပ်ထားပြီး သူများ ဖြစ်သည်။

Photo: Bangkok Post

မြန်မာနိုင်ငံသားများ ထိုင်းတွင် ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု အခြေအနေမှာ ၂၀၂၃ ခုနှစ်တွင် ဘတ်ငွေ ၃.၇ ဘီလီယံ တန်ဖိုးရှိ စုစုပေါင်းအခန်း ၅၆၄ ခန်းရှိသည်။ ထိုပမာဏသည် ၂၀၂၂ ခုနှစ်တွင် ၂.၅၅ ဘီလီယံတန်ဖိုးရှိ အခန်းရေ ၃၄၉ ခန်းထက် မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်မတိုင်မီနှစ်များက စုစုပေါင်း အခန်းရေ ၅၀ အောက်၊ တန်ဖိုးအားဖြင့် ဘတ် ၂၅၃ သန်း ထက် တန်ဖိုး ၁၀ ဆ မြင့်တက်လာခြင်းဖြစ်သည်။

ထိုင်းတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုတိုက်ခန်းဝယ်ယူရာတွင် တစ်ခန်း ပျမ်းမျှတန်ဖိုးမှာ ဘတ် ၅.၂ သန်းဖြစ်ပြီး အိန္ဒိယ ဝယ်လက်များ ဝယ်ယူမှုသည် တစ်ခန်းပျမ်းမျှ တန်းဖိုး ဘတ် ၆.၃ သန်းဖြစ်သည်။ အမေရိကန်ဝယ်လက်များ ဝယ်ယူမှု တစ်ခန်း ပျဉ်းမျှ တန်ဖိုးမှာ ၅.၃ သန်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ၂၀၂၄ ခုနှစ် ပထမ ၉ လတွင် တရုတ်ဝယ်လက်များသည် နိုင်ငံခြားထိုင်းကွန်ဒိုတိုက်ခန်းဝယ်ယူမှုရဲ့ အများဆုံးနေရာ၌ ရပ်တည်နေပြီး ဘတ်ငွေ ၂၀.၂ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၄,၃၈၆ ခန်းထိဝယ်ယူထားကာ ထိုင်းအိမ်ခြံမြေစျေးကွက်၏ ၃၉.၇ ရာခိုင်နှုန်းထိ ရှိနေသည်။

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ကွန်ဒိုတိုက်ခန်းရောင်းချမှု၏ စုစုပေါင်းတန်ဖိုးမှာ ဘတ်ငွေ ၅၁.၅ ဘီလီယံ အခန်းရေ ၁၁,၀၃၆ ရှိပြီး ယခင်နှစ်ထက် ၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ဝယ်ယူမှု အခန်းတန်ဖိုးများနှင့် နှိုင်းယှဉ်ပါက တန်ဖိုးမှာ ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။

REIC ၏ဖော်ပြချက်အရ ထိုင်းနိုင်ငံသားများနှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားသားများထံသို့ ကွန်ဒိုအခန်းများ ရောင်းချရသည့် အချိုးမှာ ၁၃.၆ ရာခိုင်နှုန်းရှိရာမှ မှ ၁၃.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားသော်လည်း တန်ဖိုးအချိုးမှာ ၂၃.၃ ရာခိုင်နှုန်းမှ ၂၄.၂ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း သိရသည်။

ထိုင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် နိုင်ငံခြားသားများအနေဖြင့် ဘန်ကောက်မြို့ရှိ ကွန်ဒို အခန်းများကို အများဆုံး ဝယ်ယူလေ့ ရှိပြီး ၃၈.၇ ရာခိုင်နှုန်းရှိသည်။ ဒုတိယ ဝယ်ယူမှု အများဆုံးမှာ ချွန်ဘူရီမြို့ရှိ ကွန်ဒိုခန်းများဖြစ်ပြီး ၃၆ ရာခိုင်နှုန်း အသီးသီးရှိ ကြောင်း သိရသည်။

Source: Bangkok Post