Home ဆောင်းပါး ထိပ်တိုက်ဖြစ်မှုတွေကို ရှောင်ရှားပြီး အပြန်အလှန် နားလည်မှုတွေ ရယူထားကြဖို့

ထိပ်တိုက်ဖြစ်မှုတွေကို ရှောင်ရှားပြီး အပြန်အလှန် နားလည်မှုတွေ ရယူထားကြဖို့

198

ထိပ်တိုက်ဖြစ်မှုတွေကို ရှောင်ရှားပြီး အပြန်အလှန် နားလည်မှုတွေ ရယူထားကြဖို့

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

(၆-၁-၂၀၂၅)ရက် နေ့စွဲဖြင့် “ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စတေ၊ ဗြိတိန် အစိုးရများ” က လူ့အခွင့်အရေးနှင့် မြန်မာ နိုင်ငံ အခြေအနေ ပူးတွဲ သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုသိရှိကြပြီးဖြစ်မှာပါ။

ပူးတွဲ သတင်းထုတ်ပြန်ချက်ရဲ့ အနှစ်ချုပ်သဘောထားကတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပွားပေါ်ပေါက်နေတဲ့ လက်ရှိ အခြေအနေအရပ်ရပ်ကို စိုးရိမ်ကြောင်း၊ မြန်မာ့အရေးမှာ အဖြေရှာနေတဲ့ အာဆီယံရဲ့အဓိကအခန်းကဏ္ဍ၊ အာဆီယံအ လှည့်ကျဥက္ကဋ္ဌနဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ရပ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ပါဝင်ဆောင်ရွက်နေမှုတွေကို အပြည့်အဝထောက်ခံကြောင်း၊ အသိအမှတ်ပြုကြောင်း၊ စစ်မှန်ပြီးအပြုသဘောဆောင်တဲ့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးတဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာကြဖို့ကို သူတို့ ဆက်လက်အားပေးတိုက်တွန်းပါကြောင်းဟူ၍ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာ၌ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေ အနေကို တစ်လျှောက်လုံး အာရုံစိုက်နေကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားမှုကို ပြတ်ပြတ်သား သားဆန့်ကျင်ပြီး မြန်မာနိုင်ငံအခြေအနေ အမြန်ဆုံး ပုံမှန်ပြန်ဖြစ်လာနိုင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံဘက် အသီးသီးတို့အနေဖြင့် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးပွဲ ကျင်းပကာ ပြဿနာကိုဖြေရှင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ အခြေအနေတည်ငြိမ်လာဖို့ အတူတွန်းအားပေးရန်တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲပြုလုပ်ဖို့ ဆက်လက်တွန်းအားပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တတ်နိုင်သမျှ ထောက်ပံ့ကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း” ပါရှိပါတယ်။

ဒီသတင်းတွေထဲကနေ အထင်အရှား မြင်တွေ့နိုင်တဲ့ အချက်အလက်တွေကတော့
၁။ အနီးကဖြစ်စေ၊ အဝေးကဖြစ်စေ ပြည်ပနိုင်ငံတွေဟာ မြန်မာ့အရေးကို သူတို့ ရည်မှန်းချက်နဲ့ သူတို့ စိတ်ဝင်စားနေ ကြတယ်။
၂။ သူတို့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ သူတို့ ပါဝင်ပတ်သက်နေကြတယ်။
၃။ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို အားပေးတိုက်တွန်းနေကြတယ်။
၄။ ပြဿနာတွေရဲ့စားပွဲဝိုင်းမှာ ဆွေးနွေးတဲ့နည်းလမ်းနဲ့အဖြေရှာကြဖို့ တွန်းအားပေးနေကြတယ် ဆိုတဲ့အချက်တွေကို တွေ့ရလိမ့်မယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုထုတ်ပြန်ခဲ့ကြတဲ့ TNLA – MNDAA – AA တို့ရဲ့ ကြေညာချက်တွေမှာလည်း “တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိကြောင်း” ဖော်ပြထားတာကို သတိပြု မိပါတယ်။

ဒီတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာနေတဲ့ ပြည်တွင်းစစ် (၇၇)နှစ်တာ ဖြတ်သန်းမှု (စာတွေ့/လက်တွေ့) အတွေ့အကြုံတွေအရ အောက်ပါအချက် (၃)ချက်ကိုလည်း အလေးအနက်ထားပြီး တင်ပြချင်ပါ တယ်။

ပထမအချက်က နိုင်ငံရေးနည်းလမ်း (စားပွဲဝိုင်းနည်း) ဖြေရှင်းနေချိန်မှာ “စစ်ရေးနည်းလမ်း”ကို အရန်ရွေး လမ်းအဖြစ် ထားရမယ်၊ တပြိုင်နက်ထဲမှာ စစ်ရေးနည်းလမ်း (လက်နက်ကိုင် တိုက်ပွဲနည်း)နဲ့ ဖြေရှင်းနေချိန်မှာလည်း “စားပွဲဝိုင်းနည်းလမ်း” ကို တံခါးဖွင့်ထားရပါလိမ့်မယ်။

ဒုတိယအချက်က ပါတီအဖွဲ့အစည်းတစ်ခုအတွက်ပဲ၊ လူမျိုးတစ်မျိုးအတွက်ပဲ၊ ဒေသတစ်ခုအတွက်ပဲ “ကွက်” ပြီး အပစ်အခတ်ရပ်စဲတာ၊ ငြိမ်းချမ်းရေးအဖြေရှာတာ၊ သဘောတူညီချက်ရရှိတာမျိုးဟာ ဘယ်နည်းနဲ့မှ တာရှည်ခံမှာ မဟုတ်ဘဲ မကြာမီမှာ အကြောင်းအချက်အမျိုးမျိုးကြောင့် ပြန်လည်ပျက်ပြားသွားနိုင်တယ်။

တတိယအချက်က တစ်ဖက်မှာ (စကစ)စစ်အုပ်စုက လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများကို ချော့မြှူအချိုသပ် ဆွဲဆောင်နေပြီး အခြားတစ်ဖက်မှာတော့ ဗမာအဖွဲ့အစည်းများ (အထူးသဖြင့် CRPH- NUG- PDF)နဲ့ လူမျိုးစုအဖွဲ့အစည်းတွေအကြားမှာ ပုံစံအမျိုးမျိုးနဲ့ သွေးထိုးရန်တိုက်ဖြိုခွဲနေတယ်။ ဒါ့အပြင် လူမျိုးစုတစ်စုနဲ့ အခြား လူမျိုးစုတစ်စုအကြား၊ အဖွဲ့အစည်းတစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြား၊ အဖွဲ့အစည်းတစ်ခုအတွင်း အထက်နဲ့ အောက်ခြေ၊ ဗဟိုနဲ့ တပ်မဟာတွေကိုလည်း အကွက်ရရင်ရသလို၊ လစ်ရင်လစ်သလို ရန်တိုက်ပေးနေတယ် ဆိုတဲ့အချက်တွေကိုအားလုံးက သတိရှိကြဖို့ပါပဲ။

ဒါ့အပြင် မင်းအောင်လှိုင်ဦးစီးတဲ့ (စကစ)စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြတဲ့ အင်အားစုအား လုံး သတိပြုရမယ့်အချက်(၄)ချက်ကိုလည်း တစ်ပါတည်း တင်ပြချင်ပါတယ်။

ဒီအချက်တွေကမင်းအောင်လှိုင်ရဲ့(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၂၅)သဝဏ်လွှာထဲကအချက်အ လက်တွေပဲ ဖြစ်ပါတယ်။ မူရင်းအတိုင်း ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

– နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက် သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်း ဖိတ်ခေါ်လျက်ရှိပါသည်။

– လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းကို လည်း အတိအလင်း ကြေညာထားပြီးဖြစ်ပါသည်။
– လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းအပ်ပါသည်။
– နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရန်ဖြစ်ပါသည်။

(စကစ)စစ်အုပ်စု အပါအဝင် အဆက်ဆက်သော စစ်အုပ်စုတွေဟာ ဥပဒေတွင်း/ဥပဒေပ၊ လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ အခြားတိုက်ပွဲသဏ္ဌာန်ပေါင်းစုံနဲ့ တိုက်ခိုက်တာကို ရင်ဆိုင်ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံရှိသူတွေ ဖြစ်တယ်။ ပရိယာယ်ဝေဝုစ်နဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဉာဏ်နီဉာဏ်နက်မျိုးစုံ ရှိသူတွေဖြစ်တယ်။ ဒါကြောင့် အထင် သေးလို့ မဖြစ်ဘူး။ ပေါ့ပေါ့ဆဆနေကြလို့ မဖြစ်ပါဘူး။

ဘုံရန်သူသတ်မှတ်ချက်နဲ့ ဘုံရည်မှန်းချက်ချင်းတူညီကြပေမယ့် မတူညီတဲ့နည်းနာနဲ့ တိုက်ပွဲသဏ္ဌာန် ကျင့်သုံး မှုကို အကြောင်းပြုပြီး အသေးကို အကျယ်ချဲ့ပြီး မိမိတို့ အင်အားစုတွေအကြားမှာ စကားများ ရန်ဖြစ်နေကြလို့ ဘာမှ အကျိုးမရှိနိုင်ပါဘူး။ ဘုံရန်သူဖြစ်တဲ့ (စကစ) စစ်အုပ်စုပဲ အမြတ်ထွက်သွားမှာပါ။ ကြားထားရမယ့် အုပ်စုကို ကြားထား ဖို့ လိုအပ်ပါတယ်။

(စစ် ၃စစ်) နဲ့ ၂၀၀၈ အခြေခံဥပဒေကို (လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေချိန်မှာဖြစ်စေ – စားပွဲဝိုင်းဆွေးနွေးပွဲမှာ တိုက်ပွဲဝင်နေချိန်မှာဖြစ်စေ) တစ်စက္ကန့်မျှ မျက်ခြည်ပြတ်မခံကြဘဲ ပြတ်ပြတ်သားသား တွန်းလှန်တိုက်ခိုက်သွားကြဖို့ လိုအပ်ပါတယ်။

အခုနှစ်ဆန်းမှာ အီးယူ၊ အမေရိကန်၊ တရုတ်၊ ဗြိတိန်တို့လို အရှေ့အနောက်နိုင်ငံကြီးတွေ၊ အာဆီယံနဲ့ ကုလ သမဂ္ဂတို့ကဲ့သို့ လိုကယ်နဲ့ ဂလိုဘယ်အဖွဲ့အစည်းတွေက “တွေ့ဆုံဆွေးနွေးကြဖို့” တိုက်တွန်းဆော်ဩနေချိန်မှာ မိမိတို့ သက်ဆိုင်ရာလူမျိုး၊ ပါတီ၊ အဖွဲ့အစည်းများအနေနဲ့ တစ်ဖွဲ့ချင်း၊ တစ်ဒေသခြင်း၊ တစ်နေရာချင်းအတွက် စဉ်းစားပြင် ဆင်ထားကြဖို့ လိုအပ်သလို တစ်ပြည်လုံးအတိုင်းအတာအတွက်လည်း မြော်မြင်ကြဖို့ လိုအပ်ပါတယ်။

(စကစ)စစ်အုပ်စုက “လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်သွားကြရန်” ဆိုတဲ့အချက်က ၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေနဲ့အညီပဲ ဆွေးနွေးမယ်လို့ သူ့ ဘက်က လေသံကြိုပစ်တာပါ။ condition ကို ကြေညာတာပါ။

ကျနော်တို့အင်အားစုများဘက်က အဲဒီ “၂၀၀၈အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေဘောင်”ဆိုတဲ့ condition ကို နဲနဲလေးမှ လက်ခံလို့ မဖြစ်ပါဘူး။

ဒါ့အပြင် နိုင်ငံကြီးတွေရဲ့ ပါဝင်စွက်ဖက်မှုတွေအကြားမှာ လိုကယ်နဲ့ ဂလိုဘယ်အဖွဲ့အစည်းတွေရဲ့ ကြားဝင်ဖြေ ရှင်းမှုတွေအကြားမှာ “(စစ် ၃စစ်)နဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို ဘုံရန်သူအဖြစ် ဦးတည်နေကြတဲ့ ကျနော်တို့အင်အားစု တွေ အချင်းချင်းအကြားမှာ မလိုအပ်ဘဲ ထိပ်တိုက်ဖြစ်မှုတွေ ပေါ်ပေါက်မလာစေဖို့အတွက် သတိကြီးကြီးထားပြီး ရှောင်ရှားနိုင်ကြဖို့ အပြန်အလှန်နားလည်မှု ရယူထားကြဖို့ လိုအပ်ပါကြောင်း ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းကာလမှာ အလေး အနက် ပန်ကြားပါရစေ။