ဇန်နဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ နဘုလယ်ရေနက်ဆိပ်ကမ်းရှိ အခြေစိုက် စခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။
အဆိုပါ စခန်းသို့ အင်အားဖြည့်ရန် ရေကြောင်းအသုံးပြု ရောက်ရှိလာသည့် တပ်ဖွဲ့ဝင် ၂၀၀ ဦးခန့်ပါ စစ်ကောင်စီ တပ်ကို ဗထူးတပ်မတော်-BHA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၁ ရက်၊ နေ့လည် တစ်နာရီ အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ရဲဘော်ထက်မြတ်က ယခုလို ပြောသည်။
“မနေ့က ကျနော်တို့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရရှိ တယ်လို့တော့ သိရတယ်။ စစ်ကောင်စီတပ်သားတွေက ဒီရေနက်ဆိပ်ကမ်းကို ရေကြောင်းကနေအဓိက အင်အား တွေဖြည့်တာတွေကိုလုပ်တယ်။ အင်အားက ၂၀၀ လောက်ရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခုလို Ba Htoo Army-BHAမှ ဒရုန်းဖြင်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ၎င်းတို့ သယ်ဆောင်လာသည့် Multi-Drone(၂)စီး အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် နှင့် ခဲယမ်းအမြောက်အများ မီးလောင်ပျက်စီးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ပြောသည်။
အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ခြင်းများကို အမြဲလုပ်ဆောင်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် နဘုလယ်ကျေးရွာ၊ လဲရှောင်ကျေးရွာ၊ ပရဒတ်ကျေးရွာနှင့် မူးဒူးရွာစသည့် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ နီးစပ်ရာတောတောင်များအတွင်းသို့ ယနေ့အချိန်ထိ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု စစ်ဘေး ရှောင်အနီးကပ်ကူညီသူများက ပြောဆိုသည်။