Home တွေ့ဆုံမေးမြန်းခန်း တရုတ်ရုပ်ရှင်မင်းသား ပြန်လွှဲပြောင်းပေးမှုနှင့်ပတ်သက်၍ BGF ခေါင်းဆောင် နှင့် မေးမြန်းချက်

တရုတ်ရုပ်ရှင်မင်းသား ပြန်လွှဲပြောင်းပေးမှုနှင့်ပတ်သက်၍ BGF ခေါင်းဆောင် နှင့် မေးမြန်းချက်

523

“ အခုဖြစ်သွားတာက ကျနော်တို့ မြန်မာဘက်ခြမ်းဆိုပေမယ့် ထိုင်းဘက်ခြမ်းကလည်း ပါဝင်ပတ်သက်မှုရှိတာပဲ။ အဲ့ဘက်က ပါဝင်ပတ်သက်မှုမရှိရင် ဒီဘက်ကို ရောက်လာစရာအကြောင်းမှ မရှိတာ။” ဗိုလ်မှူးချုပ် စောမောင်ဝင်း (BGF)

တရုတ်ရုပ်ရှင်မင်းသား ပြန်လွှဲပြောင်းပေးမှုနှင့်ပတ်သက်၍ BGF ခေါင်းဆောင် နှင့် မေးမြန်းချက်

ဇန်နဝါရီ ၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တွင် ၃ ရက်ကြာ ပျောက်ဆုံးခဲ့သည့် တရုတ်ရုပ်ရှင်မင်းသား ဝမ်ရှင်း (ခေါ်) ရှင်းရှင်းကို မြန်မာဘက်ခြမ်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများထံ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF က ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် မင်းသားဝမ်ရှင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားကြောင်း သူ၏ ချစ်သူဖြစ်သူက အင်တာနက် လူမှုကွန်ရက်စာမျက်နှာများပေါ်မှတဆင့် အကူအညီတောင်းခံခဲ့သည်။

ထိုသို့ အကူအညီတောင်းခံမှုကြောင့် ထိုင်းအာဏာပိုင်များက သူရောက်ရှိရာ ထိုင်း-မြန်မာနယ်စပ်မြို့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် CCTV ရုပ်သံမှတ်တမ်းများဖြင့် လိုက်လံရှာဖွေရာ မြန်မာဘက်ခြမ်း ရောက်ရှိသွားကြောင်း စုံစမ်းသိရှိရပြီးနောက် ဒေသအာဏာပိုင် နယ်ခြားစောင့်တပ်-BGF ထံ ဆက်သွယ်ရှာဖွေကူညီတောင်းခံ သည့်အတွက် ယခုလို မင်းသားကို ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြန်လည်ရှာဖွေမှုကို အဓိက ဦးဆောင်သူ BGF တပ်နယ်(၃)၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမောင်ဝင်းအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး- အရင်ဆုံးမေးချင်တာက အခု ပြန်လည်လွှဲပြောင်းလိုက်တဲ့ တရုတ်မင်းသားက ရွှေကုက္ကိုဘက်ကို ဘယ်လို ပုံစံ ရောက်သွားတယ်လို့ သိရလဲ။
သူ့ကို မယ်ထော်သလေးဘက်ကို သွားရှာတွေ့တာ။ ရွှေကုက္ကိုဘက်ကို လာတာမဟုတ်ဘူး။ ထိုင်းဘက်က ပုံပို့လာပြီး အကူအညီတောင်းလို့ လိုက်ကူရှာပေးတာပဲ။

မေး- မြန်မာဘက်ခြမ်းကို ဘယ်အချိန်ကတည်းက ရောက်တာလဲ ဘယ်သူနဲ့ ရောက်လာလဲ။
သူရောက်လာတာက ၃ ရက်နေ့လား၊ ၄ ရက်နေ့လား မသိဘူး။ ကျနော်တို့ကို Location ပို့ပေးတာက အဲ့မှာ Location ပျောက်သွားတယ်။ ၆ ရက်နေ့လောက်မှ ထိုင်းအာဏာပိုင်တွေက လိုက်ကူရှာခိုင်းတော့ ကျနော်တို့ အဲ့မှာ သွားတွေ့တာပေါ့။ Location ပြတဲ့အတိုင်းသွားရှာတော့ ကာယကံရှင်ကို မတွေ့ဘူး။ ဘာဖြစ်လဲဆိုတော့ နာမည်ထွက်လာတော့ သူ့ကို သူများဝှက်ထားတယ်။ ကျနော်တို့ဘက်က သွားပြီး အပူတပြင်းသွားလုပ်လိုက် တယ်။ ကျနော်တို့ ပြောလိုက်တယ် နက်ဖန် နေ့လည် ၁၂ နာရီ ကျနော်တို့ဆီ အရောက်ပို့ပေးဖို့ပေါ့။

မေး- သူ့ကို ဘယ်သူတွေက ဝှက်ထားတာလဲ။
အဲ့မှာ ရှိတဲ့လူတွေပဲ။ တကယ့်လုပ်ငန်းအကြီးကြီးတွေက မဟုတ်ဘူး။ အဆောက်အဦးတစ်ခုထဲမှာထားတာ။ ကျားဖြန့်လုပ်တဲ့သူတွေတော့ မဟုတ်ဘူး။ ကြားပွဲစားလူတွေပေါ့။ လိမ်ပြီးခေါ်တဲ့သူတွေက ပိုဆိုးတယ်။ ရောင်းစား တဲ့သူတွေအချို့ရှိတယ်။ အဲ့ဒါတွေကိုတော့ တဖြည်းဖြည်းချင်း ပပျောက်အောင် လုပ်ရမယ်။ ဟိုနည်း နည်းနည်း ဒီ နည်းနည်းရှိနေသေးတယ်။ နေရာလေး တစ်ခု ဆောက်ပြီး လူတွေခေါ်လာတယ်။ ပြီးတော့ အဲ့မှာ ခေါ်လာတဲ့ သူတွေကို သင်ပေးတယ်။ အဖွဲ့တွေက စုံတော့ ဘယ်အဖွဲ့ကလည်း သေချာမပြောတတ်ဘူး။ အဲ့ဒီ ဝှက်ထားတဲ့ သူတွေရဲ့ နေရာကိုတော့ ဟိုတစ်ရက်က သွားဖျက်ဆီးလိုက်ပြီး။

မေး- အဲ့လို ဝှက်ထားပေးတဲ့သူ၊ အဲ့လို လုပ်နေတဲ့သူတွေကိုကော အရေးယူတာမျိုး ရှိလား။
သူတို့ အဆောက်အဦးတွေကို ဖျက်ဆီးတာမျိုးလုပ်သလို အချို့ကိုဆိုရင် အချုပ်ထဲထည့်လိုက်တယ်။ လုပ်နေတဲ့ သူတွေက ပြောရရင် လက်ဝါးဆိုတာ တစ်ဖက်ထဲ တီးရင် မမြည်ဘူးလေ။ ပြောရရင် ဒီဘက်က လက်ခံတဲ့သူ ရှိ သလို ဟိုဘက်က ပို့တဲ့သူလည်း ရှိနေလို့ပေါ့။

မေး- ထိုင်းဘက်ခြမ်းကကော ဒီလို လူပို့ပေးတဲ့သူတွေ သင်တန်းပေးတဲ့ သူတွေကို အရေးယူတာမျိုးရှိလား။
လာပို့တဲ့ ကားနံပါတ်တွေကို သူတို့(ထိုင်း)ကို ပို့ပေးတယ်။ သူတို့က စစ်ဆေး မေးမြန်းတုန်း အရေးမယူသေးဘူး ၊ အဲ့လိုပဲပြောတယ်။

မေး- ထွက်လာတဲ့ သတင်းတွေအရဆို သူက အဲ့မှာ ကျားဖြန့်လုပ်ဖို့ အတင်းခိုင်းခံရတယ်ဆိုတာကကော ဘယ်လို သိရလဲ။ သူက တကယ်ပဲ အဲ့ဘက်ကို အလိမ်ခေါ်ခံလိုက်ရတာလား။
အဲ့ဒါတော့ ကျနော်တို့ သေချာမသိလိုက်ရဘူး။ စစ်ဆေးမေးမြန်းဖို့က သူ့ကို သွားခေါ်ပြီး ပြန်ရောက်တာ ခဏ လေးနဲ့ ထိုင်းအာဏာပိုင်တွေလက်ထဲကို အပ်ပေးလိုက်တာပဲ။ မေးမြန်းဖို့ အချိန်မရလိုက်ဘူး။

မေး- သူပြန်လွှတ်လာဖို့ ထိုင်းဘက်က ဘယ်လို ချိတ်ဆက်လာလဲ။ ဘယ်လိုပြောလာတာလဲ။
သူတို့က ဒီအတိုင်းပုံတွေ ပို့လာပေးပြီးတော့ ရွှေကုက္ကိုမှာရောက်နေတယ်ပေါ့။ ကျနော်တို့က ပြောတယ် ရွှေကုက္ကိုမှာမရှိဘူးလို့။ တရုတ်ဘက်က တာဝန်ရှိတဲ့သူတွေက Location ပို့လာပေးတယ်။ ၃ ရက်နေ့ ၄ရက်နေ့ လောက်မှာ။ အဲ့မှာက Location ပေါ်သေးတယ်။ ဒါပေမဲ့ နောက်ပိုင်း သူ့ ဖုန်းလိုင်းမရတော့လို့ဖြစ်မယ်။ Location မပေါ်တော့ဘူး။ Location မပေါ်တော့ အဲ့Location အတိုင်း ညတွင်းချင်း ကျနော်တို့ ရဲဘော်တွေကို သွားရှာဖွေ စစ်ဆေးဖို့ ခိုင်းလိုက်တယ်။

အခု ဖြစ်သွားတာက ကျနော်တို့ မြန်မာဘက်ခြမ်းဆိုပေမယ့် ထိုင်းဘက်ခြမ်းကလည်း ပါဝင်ပတ်သက်မှု ရှိတာပဲ။ အဲ့ဘက်က ပါဝင်ပတ်သက်မှုမရှိရင် ဒီဘက်ကို ရောက်လာစရာအကြောင်းမှ မရှိတာ။

မေး- အခု ပုံမှာ မြင်တွေ့ရသလောက် အဲ့ဒီတရုတ်မင်းသားက ခေါင်းကတုံး တုံးခံထားရတာရယ်၊ ခြေထောက်မှာ အမာရွတ်လိုရှိတာတွေကကော ဘယ်လိုဖြစ်တာလဲ။
အဲ့လို နှိပ်စက်တဲ့ ကိစ္စက ခုနက ကျနော်ပြောသလိုပဲ မမေးမြန်းလိုက်ရဘူး။ ခဏရောက်တာနဲ့ ထိုင်းအာဏာပိုင် ဆီကို လွှဲပေးလိုက်တာပဲ။

မေး- ဒီဖြစ်စဉ်မတိုင်ခင် အရင်ကကော ဒီလိုလိုက်ရှာပြီး ပို့ပေးရတာတွေရှိလား။
ကျားဖြန့်ကိစ္စမှာ ဒီမင်းသားတစ်ယောက်ပဲတော့ မကဘူးပေါ့နော်။ သူက မင်းသားဖြစ်တော့ သတင်းပိုကြီး သွား တာပေါ့။ အခြားတိုင်းပြည်က လူတွေလည်း သူတို့ သံရုံးကနေတဆင့် ဆက်သွယ်လာရင် ကျနော်တို့ ပြန်ပို့ ပေးတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ဒီလို နာမည်မထွက်ဘူးပေါ့။ ဥပမာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင် တို့ပေါ့။ ဒီအလုပ်တွေက တိုင်းပြည်ပေါင်းစုံက လာလုပ်ကြတာ။ သူတို့ နိုင်ငံက ပြန်ခေါ်ရင် ကျနော်တို့ လိုက်ရှာပေးပြီး ပြန်ပို့ပေးတာတွေအများကြီးရှိပါတယ်။