ဇန်နဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ/ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူသယ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏မူသယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိပြီဖြစ်ကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။
စစ်ကောင်စီဘက်က ထောက်ပို့သွားလာရေးအဖြစ် အသုံးပြုခဲ့သော အချက်အချာကျသည့် ကျောက်ကြီး-မူသယ်ကားလမ်းပေါ်ရှိ မူသယ်စခန်းအား ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့က KNLA ပူးပေါင်း တပ်ဘက်မှသိမ်းဆည်းရမိပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သတင်းပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုသတင်းနှင့်ပတ်သက်၍ ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးအား ကေအိုင်စီက ဆက်သွယ်အတည်ပြုရာ မူသယ်စခန်းကို သိမ်းဆည်းရမိခဲ့သော်လည်း လက်ရှိအချိန်ထိ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသလို စစ်ကောင်စီဘက်မှ လေကြောင်းပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
“စခန်းကတော့အကုန်ရပြီ။ ဒါပေမဲ့ ပွဲကမပြီးသေးဘူး ရှင်းလင်းရမယ့်အရာတွေရှိသေးတယ်။ ထွက်ပြေး သွားတဲ့စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းရေးလိုက်လုပ်နေတာရှိတယ်။ လေယာဥ်ဗုံးကြဲတာတွေလည်း ရှိနေသေးတယ်လို့ကြားတယ်။” ဟု ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေအထိ ပေါက်ရောက်သည့် စစ်ကောင်စီ၏မူသယ်စခန်းကို KNLA ဘက်က သိမ်းပိုက်ရမိရန်ကြိုးပမ်းနေစဥ် စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု၍သာမက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ၎င်းအနီးဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများက ဆိုသည်။

ယင်းကြောင့်ပင် ယမန်နေ့ မွန်းလွဲပိုင်းက အင်ဒိုင်းကုန်းရွာရှိ ဒေသခံတစ်ဦး၏နေအိမ်အနီးသို့ လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “မနေ့(ဇန်နဝါရီလ၃ရက်)ကတည်းက ဘန်ကာကျင်းနေရာနည်းနည်းကလွဲပြီး စခန်းကြီးရဲ့နေရာတော်တော်များများကို ရပြီလို့ကြားတယ်။ စခန်းနဲ့ကျနော်တို့နေရာက သိပ်မဝေးတော့ အကြီးသံတွေကြားနေရတယ်လေ။ အင်ဒိုင်းကုန်းရွာက အသက်(၁၅)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဆို သူ့အမျိုးအိမ်ရောက်နေတာ။ အဲဒီအိမ်ဘက် လက်နက်ကြီးတစ်လုံးကျလို့ နည်းနည်းထိသွားတယ်” ဟု ၎င်းက ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် စစ်ကောင်စီဘက်က သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်း စာရင်းကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အာဏာသိမ်းမှုမတိုင်ခင်ကတည်းက မြန်မာအစိုးရဘက်က အဆိုပါလမ်းမတစ်လျှောက် လမ်းချဲ့ထွင်မှုများ ပြုလုပ်၍ တပ်မဟာ(၃)နှင့်တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီစခန်းများသို့ လမ်းအသုံးပြု ရိက္ခာပို့ ဆောင်ရုံသာမက ၎င်းတို့မသင်္ကာသည့်နေရာများသို့ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်သွားလာကြရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်တွင်လည်း စစ်တပ်က ယင်းလမ်းမကြီးကို ရိက္ခာပို့ဆောင်ရေးအတွက် ဆက်လက်အသုံးပြုနေသောကြောင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သလို စစ်ကောင်စီက ကျေးရွာများဘက်သို့ပါ ပစ်မှတ်ထားတိုက်ခိုက်လာသဖြင့် အနီးရှိကျေးရွာများမှာ ယနေ့ထိတိုင် နေရပ်စွန့်ခွာနေကြရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။