ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ စစ်ပဋိပက္ခကြောင့် ၂၀၂၄ ခုနှစ်အတွင်း ၃ ရက်လျင် အမျိုးသမီး ၄ ဦးခန့် သေဆုံးခဲ့ရ သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ချုပ် (BWU)က ထုတ်ပြန်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက် ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်အကြမ်းဖက် အမြတ်ထုတ်မှုများကြောင့် မြန်မာနိုင်ငံ အတွင်း စုစုပေါင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရသည်ဟု BWU က ပြုစုထားသည့် မှတ်တမ်း၌ ဖော်ပြထားသည်။
အဆိုပါသေဆုံးသူ အမျိုးသမီး ၄၇၈ ဦးထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၅၇ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄၂ ဦး၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က သေဒဏ်ပေးခံရမှုကြောင့် ၁ ဦး ရှိခဲ့သည်။ ထို့အပြင် မတရားသတ်ဖြတ်မှုကြောင့် ၆၆ ဦး၊ မြေမြှပ်မိုင်းများကြောင့် ၇ ဦး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် ၆ ဦး သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံအတွင်း စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ဖိုဝါဒပိုမိုကြီးစိုးလာသောကြောင့် ယခုလိုအမျိုးသမီးများ အပေါ် လိင်အကြမ်းဖက် အမြတ်ထုတ်မှုများရှိလာခဲ့သည်။ ထိုသို့ လိင်အကြမ်းဖက်မှုကို မလိုလားသလို ကျူးလွန် နေသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာ အပြစ်ပေး အရေးယူရမည်ဟု အမျိုးသမီးများအဖွဲ့ချုပ်-WLB (မြန်မာနိုင်ငံ)၏ မူဝါဒရေးရာ ဦးဆောင်မှုအဖွဲ့ဝင် နာဗစ်ဘွန်က ကေအိုင်စီသို့ ပြောဆိုထားသည်။
“စစ်တပ်ကနေ အမျိုးသမီးများအပေါ် အကြမ်းဖက်တမှု လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုပေါ့နော် ဒီအမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အားလုံးပါဝင်ပါတယ်။ အဲ့လိုမျိုးနဲ့ပက်သက်ပြီးမှ ကျူးလွန်ခဲ့တဲ့ သူမှန်သမျှကို ကျမတို့က မည်သည့်အကြောင်းပြချက်မှ မလိုလားဘူး။ ဆိုတော့ ဒီအကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် အကြမ်းဖက်မှု လုပ်ဆောင်ခဲ့တဲ့သူတွေကလည်း ဒီချိုးဖောက်မှုအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ပြီးတော့ တကယ့်တာဝန် ရှိတဲ့သူတွေကလည်း တကယ့်တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ကျမတို့ပြောခြင်တာ ဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောဆိုသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့စည်းများ ၏ လုပ်ရပ်များကြောင့် အမျိုးသမီးများသေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရရသူ အမျိုးသမီး ၄၁၂ ဦး ရှိသည်ဟု BWU က ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း AAPP မှထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ကောင်စီက အာဏာသိမ်းရန်ကြိုးပမ်းထားသည့်ကာလမှ ၂၀၂၅ ခုနှစ်ဇန်နဝါရီ ၂၀ ရက်နေ့အထိ မြန်မာ တစ်နိုင်ငံလုံးတွင် ဖမ်းဆီးခံရသည့် အမျိုးသမီးစုစုပေါင်း ၅,၈၆၅ ဦး အထိရှိခဲ့ပြီး သေဆုံးသူအမျိုးသမီး ၁,၃၇၆ ဦး အထိရှိကြောင်း သိရသည်။