Home သတင်း စစ်ကောင်စီထံ တင်သွင်းမည့် လေယာဥ်ဆီများ စောင့်ကြည့်နိုင်သည့် ယန္တရားထူထောင်ပြီးစိစစ်လုပ်ဆောင်ရန် BMC တောင်းဆို

စစ်ကောင်စီထံ တင်သွင်းမည့် လေယာဥ်ဆီများ စောင့်ကြည့်နိုင်သည့် ယန္တရားထူထောင်ပြီးစိစစ်လုပ်ဆောင်ရန် BMC တောင်းဆို

144
Photo: CMC

ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီထံသို့ လေယာဉ်ဆီ တင်သွင်းမှုကို ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံတကာအစိုးရများအနေဖြင့် တင်သွင်းမည့် လေယာဥ်ဆီများအတွက် ယန္တရားတစ်ခု ထူထောင်ပြီး စောင့်ကြည့်မှုများ စိစစ်လုပ်ဆောင်ပေးရန် သွေးစွန်း ငွေလှုပ်ရှားမှုအဖွဲ့ (Bloody Money Campaign- BMC) က တောင်းဆိုလိုက်သည်။

စစ်ကောင်စီ၏ အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လုပ်ဆောင်ခြင်းကို ရပ်တန့်ရန် အတွက် နိုင်ငံတကာအစိုးရအနေနှင့် နိုင်ငံတကာလောင်စာကုမ္ပဏီများနှင့် ရေကြောင်းအာမခံကုမ္ပဏီများကို အရေးယူရန် လိုအပ်ကြောင်း BMC မှ ဇန်နဝါရီလ (၁၀)ရက် ယမန်နေ့က သတင်းထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းပြော ထားခြင်းဖြစ်သည်။

BMC ၏ ပြောရေးဆိုခွင့်ရှိသူ မူလန်က “နိုင်ငံတကာကနေ ပို့နေတဲ့ လေယာဉ်ဆီတွေကြောင့် မြန်မာပြည်က အရပ်သားပြည်သူတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ နေ့စဉ် သေကြေပျက်စီးနေကြရတယ်။ နေ့စဥ်ဘဝနဲ့ အသက်မွေးဝမ်းကျောင်းတွေ ဆုံးရှုံးခဲ့ရတယ်။ လောင်စာကုမ္ပဏီတွေ ရေကြောင်းအာမခံ ကုမ္ပဏီတွေကို ဘယ်နိုင်ငံကမှ အခုအချိန်ထိ အရေးမယူသေးပါဘူး။ စစ်ကောင်စီထံ တင်သွင်းသည့် လေယာဥ်ဆီနဲ့ နည်း ပညာတွေ စီးဆင်းနေမှု အမြန်ဆုံး ရပ်တန့်နိုင်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ ရောင်းချ လွှဲပြောင်းပေးနေသော တရုတ်အလံတင်သင်္ဘော HUITONG 78 ၊ ဗီယက်နမ် ကုမ္ပဏီ Hai Linh ၊ တရုတ်နိုင်ငံပိုင်လုပ်ငန်း CNOOC ကော်ပိုရေးရှင်း (စင်ကာပူ) ၊ စင်ကာပူအခြေစိုက် Sahara Energy International ကုမ္ပဏီများကို နိုင်ငံတကာအစိုးရက အရေးယူရန် လိုအပ်သည်ဟု BMC က ထောက်ပြသည်။

Photo: CMC

ထို့အပြင် ဥရောပသမဂ္ဂ EU ၊ ယူကေ၊ စင်ကာပူ၊ တရုတ်၊ ဗီယက်နမ် နိုင်ငံ အစရှိသည့် လောင်စာကုမ္ပဏီများမှ ရေကြောင်းအာမခံ ကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက်မှု ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း BMC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုကဲ့သို့ လေယာဥ်ဆီတင်သွင်းမှုအတွက် စစ်ကောင်စီကို ထောက်ပံ့ပေးနေသော ယူကေရေကြောင်းအာမခံ ကုမ္ပဏီအပြင် တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနဲ့အတူ ပါဝင်ပတ်သက်သည့် ဥရောပကုမ္ပဏီ Airbus ကိုလည်း ပိတ်ဆို့မှုများ လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ နိုင်ငံတကာထံမှ ရရှိသည့် စီးပွားဖြစ် အရပ်ဖက်လေယာဥ်နှင့် သက်ဆိုင်သော လေယာဥ်ဆီများကို စစ်ရေးအတွက် အလွဲသုံးစားလုပ်စားမှုပြုလုပ်နေကြောင်း၊ ယခုလို နိုင်ငံတကာအစိုးရဆီသို့ တောင်းဆိုမှုများ ပါဝင်သော BMC ၏အစီရင်ခံစာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုမ္ပဏီများထံ ပေးပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ မေလက စတင်ဖွဲ့စည်းခဲ့သည့် BMC သည် အဖွဲ့ဖွဲ့စည်းချိန်မှစပြီး လက်ရှိ အချိန်ထိ စစ်ကောင်စီ၏ ငွေကြေးထောက်တိုင်များ ပြိုလဲရေး၊ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး အတွက်မြေပြင်လှုပ်ရှားမှုများတွင် သာမက အွန်လိုင်း ကမ်ပိန်းများပြုလုပ်၍လည်းကောင်း နည်းမျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်နေသာ အဖွဲ့ဖြစ်သည်။