ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများတွင် ခံစစ်အင်အားတိုး ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။
ကျုံဒိုးမြို့ ဂျိုင်းတံတား၊ ခြေမြန်တပ်ရင်း-ခမရ ၅၄၅၊ ၅၄၆ နှင့် ကျုံဒိုး၊ ကိုးတိုင်ကျေးရွာ လမ်းပိုင်းတစ်လျှောက်ရှိ စစ်တပ်တပ်စွဲထားသည့်နေရာများတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းမှစ၍ ကွန်ကရစ်ဘန်ကာများ၊ လက် နက်ကြီးပစ်ခတ်နေရာများ ၊ လက်နက်တိုက်များတိုးချဲ့တည်ဆောက်ပြီး ခံစစ်အင်အားတိုး ပြင်ဆင်နေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် မြို့ခံသတင်း အရင်းအမြစ်များက ပြောသည်။
ကျုံဒိုးမြို့ခံတစ်ဦးက “ ဂျိုင်းတံတားမှာကတော့ ဂျပန်တံတားအောက်မှာ ကမ်းနှစ်ဘက်လုံး စစ်တပ်၊ BGF အဖွဲ့ တွေဘန်ကာတွေ၊ ကတုတ်တွေ၊ လက်နက်ကြီးတွေ၊ စက်လတ်တွေ ဆင်ပြီး အင်အားတစ်ရာလောက် ရှိတယ်။ ညီညာ သာလင်းနဲ့ ငါးတိုင်ဘုန်းကြီးကျောင်းတွေမှာလည်း ကတုတ်တွေအခိုင်အမာလုပ်ပြီး စစ်တပ်ရှိနေတယ်။ ၅၄၅/၅၄၆ မှာလည်း သဲအိတ်ကျောက်အိတ်တွေနဲ့ ကတုတ်တွေ၊ မြောင်းတွေကို ကာနေတယ်။ ကင်းစင်ပါတဲ့ ကွန် ကရစ်ဘန်ကာအသစ်တွေ ထပ်ဆောက်တာ၊ တပ်ခြံစည်းရိုး အုတ်တံတိုင်းတွေ အမြင့်ထပ်ပြီး ဆောက်တာတွေ ရှိ နေတယ်။ ခံစစ်သေချာလုပ်နေတဲ့ သဘောပေါ့ဗျာ” ဟု ပြောသည်။
ထို့အပြင် ကော့ကရိတ် စစ်ကောင်စီအခြေချ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂ ၊ နဘူး ခမရ ၅၄၇၊ ၅၄၈၊ ၅၄၉ တပ်ရင်းများဘက်သို့လည်း စစ်အင်အား ဖြည့်တင်းမှုနေ့စဉ်ရှိနေသလို ကျေးရွာများဘက်သို့ စစ်ကြောင်း ကင်းပတ်မှု၊ ဒရုန်းဖြင့်ကင်းထောက်မှုများ နေ့စဉ် ပြုလုပ်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ သတင်းအရင်းအမြစ်က ပြောသည်။
“ကျုံဒိုး ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့မှာ စစ်တပ်နဲ့ ရဲနဲ့ BGF နဲ့ ရှိ နေတဲ့နေရာတွေကို KNLA တို့ PDF တို့ ဒရုန်း နဲ့ လာ လာချတယ်၊ ဂျိုင်းတံတားဘက်လည်း ဒရုန်းပျံ ပြီး ဗုံးချတယ်။ သူတို့က ဘန်ကာ တွေထဲမှာပဲ နေကြအိပ်ကြတယ်။ နဘူးစစ်တပ်တွေဘက်ကို ချောင်းဖျားလမ်းကနေ စစ်သားတွေ ပို့တယ်။ BGF က ဂိတ်ချစစ်တယ်။ ကင်းပုန်း ထိုးတယ်။ စစ်တပ်အဖွဲ့တွေကလည်း ဒရုန်းတင်ပြီး ကင်းထောက် တာတွေ၊ သရက်တော ၊ ကမ်းနီဘက်ကို လက်နက်ကြီး ခြောက်ပစ်တာမျိုးတွေရှိတယ်” ဟု အခြားကျုံဒိုးဒေသခံတစ်ဦးကလည်း ပြောသည်။
ယနေ့ ဇန်နဝါရီ ၃ ရက်တွင် ကျုံဒိုး၊ ကော့ကရိတ်၊ အာရှလမ်းသစ်၊ ဒေါနတောင်လမ်းဟာင်း ရန်ကုတ် ကျေးရွာ များဘက်တွင် KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေဆဲ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။
ထိုသို့ တိုက်ပွဲ ဆက်ဖြစ်နေသော်လည်း ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုလမ်းပိုင်းအနေဖြင့် ဒေါနတောင် လမ်းဟောင်း၊ ထို့ကော်ကိုးလမ်း၊ BGF အမှတ် ၁၀၁၈ တပ်ရင်း ပိုင်လမ်း၊ မဲ့သဝေါရှမ်းရွာသစ်လမ်း၊ မြိုင်ကြီးငူ လမ်းပိုင်းများမှ ကုန်သွယ်မှုနေ့စဉ်ရှိနေကြောင်း ဒေသခံသတင်း အရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။



















