ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တပ်မဟာ(၆)၊ ကျုံဒိုးမြို့၊ ခူနီ ကျေး ရွာ၌ အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် ဇန်နဝါရီ ၆ ရက်နေ့တွင် ကွယ်လွန်သွား သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ မိန်းကလေးသည် လွန်ခဲ့သည့် ၅ လခန့် ကတည်းက ခွေးတစ်ကောင် ကိုက်ခံရပြီး ယခုရက်ပိုင်းတွင် မူမမှန် နေမကောင်းဖြစ်လာသည့်အတွက် မော်လမြိုင်ဆေးရုံးသို့ ပို့ဆောင်ခဲ့ရာရောက်ရှိချိန်တွင် သေဆုံးသွားသည်။ ထိုသို့ သေဆုံးသွားသည့်အပေါ် ဆေးရုံက ဆေးစစ်မှုပြုလုပ်ခဲ့ရာ ခွေးရူးပြန်ရောဂါ ဖြစ်ကြောင်း အဖြေထွက်ပေါ်သည်ဟု အဒေါ်ြဖစ်သူက ယခုလိုပြောသည်။
“ခွေးကိုက်တာ ကြာပြီး အခုမှပြန်ဖြစ်တာ။ နေမကောင်းဖြစ်တာ တစ်ရက်နှစ်ရက် ရှိပြီး အရမ်းလည်းအန်တယ်။ ဝင်းက ဆေးခန်းကို သွားပို့တယ်။ ပြီးတော့ ဆေးခန်းက ဆရာတွေက မော်လမြိုင်ကိုလွှဲလိုက်တယ်။ ဆေးရုံကို ရောက်ရော ဆုံးသွားတယ်။ ဆရာဝန်ဆေးစစ် အဖြေကတော့ ခွေးရူးပြန်ရောဂါလို့ ပြောတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကွယ်လွန်သွားသူသည် ခွေးကိုက်ခံရသည့် အချိန်၌ ကာကွယ်ဆေးများထိုးထားခြင်း မရှိခဲ့သလို ကိုက်သည့်ခွေးက ခွေးရူးလက္ခဏာ ပြန်ပေါ်သည့်အချိန်၌ အကိုက်ခံရသူမိန်းကလေးသည်လည်း ခွေးရူးပြန် လက္ခဏာ ပြလာသည်ဟု သေဆုံးသူမိန်းကလေး၏ ဆွေးမျိုးများက ပြောသည်။
လက်ရှိအချိန်တွင် ခွေးရူးပြန်ဖြစ်သည့် မိန်းကလေးငယ်နှင့် ထိတွေ့သည့် သူများအားလုံးကို ကာကွယ်ဆေးထိုးရန် ဆရာဝန်က ညွှန်ကြားထားသည်။
ထို့အပြင် ထိုဒေသတွင် ယခုနှစ်အတွင်း ခွေးကိုက်ခံရသူ များလာသလို ခွေးရူးပြန်ရောဂါပျံ့မည်ကို ဒေသခံများ စိုးရိမ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
အလားတူ ဖားအံမြို့နယ် ဒုံရင်းဒေသတွင် ခွေးရူးကိုက်၍ ကလေး ၂ ဦး သေဆုံးသွားပြီး ဖြစ်သည်ဟု ဒေသခံများ က ပြောဆိုနေသော်လည်း ကေအိုင်စီက ဆက်သွယ်မေးမြန်း အတည်ပြုမှု ပြုလုပ်လျက်ရှိသည်။
ခွေးကိုက်ခံရပြီး ခွေးရူးပြန် ရောဂါလက္ခဏာပြလာလျှင် ကုသမှုမခံယူပါက သေဆုံးမှုနှုန်းများသလို ခွေးရူးပြန် ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက် ပျက်ခြင်းနှင့် ဂဏာ မငြိမ်မှု စသည့် လက္ခဏာများ ဖြစ်ပွားလေ့ ရှိသည်ဟု ကျန်းမာရေးဌာနကမှ သိရသည်။