Home သတင်း ကျားဖြန့်ပြဿနာဖြေရှင်းရန် သတင်းဖလှယ်ရေးကို ဦးစွာလုပ်ရမည်ဟု ကေအဲန်ယူပြော

ကျားဖြန့်ပြဿနာဖြေရှင်းရန် သတင်းဖလှယ်ရေးကို ဦးစွာလုပ်ရမည်ဟု ကေအဲန်ယူပြော

251
Photo: Internet

ဇန်နဝါရီ ၂၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ငွေကြေးလိမ်လည်ဖြားယောင်းမှု(ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရန် အိမ်နီးချင်း ၅ နိုင်ငံအစိုးရများအနေဖြင့် သတင်းအချက်အလက်ဖလှယ်ရေးကို ပထမဦးစွာပြုလုပ်ရမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုတောနီးက ပြောသည်။

ကေအဲန်ယူအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ မြန်မာနိုင်ငံရှိ ကြီးထွားလာနေသည့် ဆိုက်ဘာရာ ဇ၀တ်မှု အကျပ်အတည်းအပေါ် ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပဒိုတောနီးက ယခုလို ပြောသည်။

“အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့ ကျနော်တို့နဲ့လက်ချင်းချိတ်ပြီး ပထမဦးဆုံးသတင်းဖလှယ်ရေးကို သေချာလုပ် သွားမယ်ဆိုရင် ပိုပြီးထိရောက်မှုရှိမယ်။ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးတည်တယ်။ ဒေသဆိုင်ရာခြိမ်းခြောက်မှုဖြစ်နေတာကို အတတ်နိုင်ဆုံး ကျနော်တို့ကာကွယ်ပေးမယ်။ ကျနော်တို့ရဲ့လုပ်ငန်းတွေ ကိုတော့ အထောက်အကူပေးဖို့ လိုတယ်။ အထူးသဖြင့် ဒေသဆိုင်ရာ Stakeholder တွေနဲ့လက်တွဲပြီးလုပ်သွား မယ်ဆိုရင် ဒီပြဿနာက မနှေးအမြန်ပျောက်ကွယ်မှာပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအို နိုင်ငံများအနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အနည်းဆုံး လုံခြုံရေးအရအထောက်အကူပေးနေသည့် စစ်ကောင်စီအပါအဝင် ၎င်းမဟာမိတ် အဖွဲ့များနှင့် အဆက်အဆံမပြုလုပ်ဘဲ မိမိတို့နှင့်လက်တွဲ၍ သတင်းဖလှယ်ရေး ကနဦးလုပ်ဆောင်မှသာ ကျားဖြန့်တိုက်ဖြတ် ရေး ထိရောက်မှုရှိမည်ဟု ပဒိုစောတောနီးက ဆိုသည်။

ထို့အပြင် ကေအဲန်ယူနှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP, ချင်းအမျိုးသားတပ်ဦး-CNF, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး-ABSDF, မွန်ပြည်သစ် ပါတီ-စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး-NMSP-AD, အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ-WLB နှင့်အခြား ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများမှ ယင်းလုပ်ရပ်များကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် မြန်မာစစ်တပ်ဆုတ်ခွာသွားသည့်နယ်မြေများအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေး ယန္တရား အကောင်အထည်ဖော်နိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများပေါ်ပေါ်လာရေး လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူအနေဖြင့်လည်း ဆက်စပ်နယ်မြေတွင် ဖြစ်ပေါ်လျက်ရှိသည့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းနှင့်မျှ အကျိုးအမြတ်အရ ပူးပေါင်းလုပ်ဆောင်နေခြင်းမရှိဟု ပြောဆိုထားသည်။ ထို့အပြင် တရား ဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည့် အုပ်ချုပ်ရေးပြန်လည်‌ကောင်းမွန်စေရန် ကြိုးစားလျက်ရှိသည်ဟု ကေအဲန်ယူ ပြောခွင့်ရက ဆိုသည်။

ပဒိုစောတောနီးက “ကျားဖြန့်ကိုတော်တော်လေး ကြီးထွားစေတဲ့တရားခံက စကစ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့မှာရှိပြီးသားမူဝါဒလည်းဖြစ်တဲ့ ဒါကိုဆန့်ကျင်တယ်။ ကျနော်တို့ ဘယ်အဖွဲ့အစည်းနဲ့မှလက်ချင်းချိတ်ပြီး ဒီရဲ့အကျိုးအမြတ်ကိုယူတာလည်း မဟုတ်ဘူး။ စကစကိုယ်တိုင်က သူ့ရဲ့မိတ်ဖက်အဖွဲ့နဲ့လက်တွဲပြီး လုပ်ချင်တိုင်း လုပ်နေတာကို တရားခံကိုမတိုက်ဘဲ ကိုင်းဖျားကိုင်းနားလျှောက်လုပ်နေတဲ့ကိစ္စက ဘာမှမထိရောက်ဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ လူသားချင်းအမြတ်ထုတ် ခေါင်းပုံဖြတ်မှုများအား တိုက်ဖြတ်နိုင်ရေး အတွက် နိုင်ငံခြင်းဆက်ဆံရေးမှဖြစ်စေ အာဆီယံဒေသတွင်းနှင့်ကုလသမဂ္ဂအေဂျင်စီများမှဖြစ်စေ လက်ရှိမြန်မာ နိုင်ငံ၏ နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် ဖက်ဒရယ်အင်အားစုများမှ နိုင်ငံတကာနှင့်ပူးပေါင်းရန် အဆင်သင့်ရှိကြောင်း ဖိတ်ခေါ်ထားသည်။

ယခု ဇန်နဝါရီ လဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်- BGF နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA လှုပ်ရှားနယ်မြေများရှိ ကျားဖြန့် လုပ်ငန်းများကို နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှု များလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇန်နဝါရီ ၁၄ ရက်နေ့တွင် မြဝတီဒေသအတွင်း လူလိမ်ခေါ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အသက် မပြည့် သူများကို အလုပ်တာဝန်ပေးခြင်းများ ပြုလုပ်လျှင် အရေးယူမည်ဟု တရုတ်လုပ်ငန်းရှင်နှင့် သက်ဆိုင်ရာ လက်နက်ကိုင်ခေါင်းဆောင်အချို့ကို BGF က အရေးပေါ်အစည်းအဝေးခေါ်ယူ သတိပေးခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံက ကျားဖြန့် ကိစ္စဖြေရှင်းရန် ဇန်နဝါရီ ၁၇ ရက်နေ့တွင်ပြုလုပ်သည့် ၅ ကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်နှင့် သဘောတူညီ ခဲ့သည်ဟု ဘန်ကောက်ပိုစ့် သတင်းတွင် ဖော်ပြထားသည်။