Home သတင်း ကရင်ပြည်နယ်၏ လူဦးရေ ထက်ဝက်ကျော်ကိုသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့

ကရင်ပြည်နယ်၏ လူဦးရေ ထက်ဝက်ကျော်ကိုသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့

430
Photo: SAC

ဇန်နဝါရီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေ စာရင်းကို စစ်ကောင်စီက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကရင်ပြည်နယ်တွင် လူဦးရေ ထက်ဝက်ကျော်ကိုသာ စာရင်းကောက်ယူနိုင်ခဲ့သည် ဟု အဆိုပါ ထုတ်ပြန်စာရင်း၌ ဖော်ပြထားသည်။

စစ်ကောင်စီ ထုတ်ပြန်သည့် အဆိုပါရှေ့ပြေး လူဦးရေစာရင်းအရ ကရင်ပြည်နယ်တွင် စုစုပေါင်းလူဦးရေ ၁,၄၉၀, ၉၆၈ ( ၁၄ သိန်း ၉ သောင်းကျော်) ဦးရှိပြီး ထိုထဲတွင် မြေပြင်စာရင်းကောက်ယူနိုင်သည့် ဦးရေမှာ ၇၇၂,၆၀၉ ( ၇ သိန်း ၇ သောင်း ကျော်) ဦးဖြစ်ပြီး မြေပြင်စာရင်းမကောက်ယူနိုင်သည့် ခန့်မှန်းလူဦးရေမှာ ၇၁၈,၃၅၉ (၇ သိန်း) ဦးဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ပြည်နယ်အတွင်း စစ်ကောင်စီက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်မှု စာရင်းအရ ဖားအံမြို့နယ်တွင် ၃၄၁,၈၀၃ ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ၂၂၅,၆၁၇ ဦး၊ ကော့ကရိတ်မြို့နယ်တွင် ၄၄,၆၇၇ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ် တွင် ၁၆,၇၄၄ ဦး၊ ဖာပွန်မြို့နယ်တွင် ၁၆,၃၃၂ ဦး၊ မြဝတီမြို့နယ်တွင် ၁၀၈,၃၀၆ ဦးနှင့် သံတောင်ကြီးမြို့နယ်တွင် ၁၉,၁၃၀ ဦးတို့ကိုသာ စာရင်းကောက်နိုင်ခဲ့သည်။

ထို့အပြင် ယခင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ် လူဦးရေ ၁,၅၇၄,၀၇၉ ( ၁၅ သိန်း ၇ သောင်းကျော်) ဦး ခန့်မှန်းစာရင်းရှိကာ ထိုထဲမှ ၁,၅၀၄,၃၂၆ ( ၁၅ သိန်းကျော်) ဦးကို စာရင်းကောက်ယူနိုင်ခဲ့သည်။ ထို့ကြောင့် ယခု ၂၀၂၄ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းအရ ကရင်ပြည်၏ လူဦးရေစုစုပေါင်းမှာ လျော့နည်းသွားသည့် သဘောဖြစ်နေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း စစ်ကောင်စီထုတ်ပြန်သည့် သန်းခေါင်စာရင်းရလဒ်အရ တစ်နိုင်ငံလုံး ခန့်မှန်းလူဦးရေ ၅၁,၃၁၆,၇၅၆ (၅၁ သန်း) ဦးရှိပြီး ၃၂,၁၉၁,၄၀၇(၃၂ သန်းကျော်) ဦးသာမြေပြင်တွင် စာရင်းကောက်ယူနိုင်ခဲ့ကာ ကွင်းဆင်း စာရင်းမကောက်နိုင်သည့် လူဦးရေ ၁၉,၁၂၅,၃၄၉ (၁၉ သန်းကျော်) ဦး သည်ဟု ရှေ့ပြေးလူဦးရေ စာရင်း၌ ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံး မြို့နယ် ၃၃၀ ရှိသည့်အနက်မှ မြို့နယ် ၁၄၅ မြို့နယ်သာ ရာနှုန်း ပြည့် စာရင်းကောက်ယူနိုင်ခဲ့သလို ၁၂၇ မြို့နယ်တွင် တစ်စိတ်ဒေသသာ စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့် ၅၈ မြို့နယ်ကိုမူ စာရင်းလုံးဝကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။