Home သတင်း တပ်ဖွဲ့ဝင်များ ဖမ်းခံရသည့် ကာကင်းသို့ စစ်ကောင်စီ အင်အားဖြည့် ဒေသခံများအခက်ကြုံ

တပ်ဖွဲ့ဝင်များ ဖမ်းခံရသည့် ကာကင်းသို့ စစ်ကောင်စီ အင်အားဖြည့် ဒေသခံများအခက်ကြုံ

625

ဒီဇင်ဘာလ ၁၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)မြဝတီတောင်ပိုင်း ဝေါ်လေဒေသ ရွှေအေးမြိုင်ရွာရှိ စစ်ကောင်စီကာကင်းမှ တပ်ဖွဲ့ဝင် ၁၆ ဦးကို ကော်သူးလေအာမီ- KTLA ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီက အင်အားဖြည့်လာပြီး ယခုရက်ပိုင်းတွင်ပစ်ခတ်မှုရှိ၍ အခက်ကြုံနေသည်ဟု ဒေသခံများက ပြော သည်။

လက်ရှိ ရွှေအေးမြိုင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးတောင်ကုန်းပေါ်၌ စစ်ကောင်စီက တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ ချထားပြီး လက်နက်တက်ဆင်အသင့် ပြင်ထားကာ ဒေသခံတို့၏ စိုက်ခင်းများဘက်သို့ ပစ်ခတ်မှုများ ရှိ၍ ပြောင်းဖူး ချိုးရန်နှင့် ပဲရိတ်သိမ်းရန် ခက်ခဲနေသည်ဟု ဒေသတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“တောင်ပေါ်မှာ ဟိုနေ့က သူများသွားလုပ်တော့ နည်းနည်းဘဲကျန်တော့တယ်။ အခုတစ်ခြားစခန်းက ထပ်ပြီး အင်အားပြန်လာချဲ့တယ်။ ကုန်းပေါ်ကနေ ဒေသခံတွေ ပြောင်းဖူးတို့ ပဲတို့ ခူးတဲ့နေရာမှာ စက်သေနတ်နဲ့ မော်တာ တို့နဲ့ ပစ်တာရှိတယ် ။ ထိတာတော့မကြားရဘူး။ ဒါပေမယ့် အဲလိုပစ်တော့ ပြောင်းဖူးတို့ ပဲတို့ မသွားခူးရဲကြဘူး ဖြစ်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကာကင်းစခန်းရှိ စစ်ကောင်စီ တပ်ခွဲမှူး ဗိုလ်ကြီးအာကာအပါအဝင် တပ်ဖွဲ့ဝင်များက သွားလာရေးအဆင်ပြေ ရန်အတွက် ထိုဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချပူးပေါင်းမည်ဟု မကြာခဏပြောဆိုခဲ့သည်။ သို့သော် အချိန်အတော်ကြာသည်ထိ မပူးပေါင်းသည့်အတွက် နယ်မြေအတွင်းရှိ ကော်သူးလေအာမီ- KTLA က နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုနောက် စစ်ကောင်စီဘက်မှ ယခုလို အင်အားပြန် တိုးချဲ့ချထားခြင်း ဖြစ်သည်။

ဖမ်းဆီးထားသည့် စစ်ကောင်စီ တပ်ခွဲမှူး ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးကို KTLA က လက်ရှိအချိန်တွင် သုံ့ပန်းအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကာ အဆိုပါကာကင်းနေရာကိုလည်း တစ်စုံတစ်ရာ သွားရောက် ပစ်ခတ်မှုမရှိဟု KTLA ဘက်က ပြောသည်။

ထိုကာကင်းစခန်းသည် ဥကရစ်ထ စစ်ကောင်စီတပ်စခန်းနှင့် အနီးစပ်ဆုံးရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် နေ့တွင်လည်း ဥကရစ်ထ စစ်ကောင်စီတပ်စခန်း၊ ဝေါလေဗျူဟာကုန်းတို့မှ လက်နက်ကြီး များနှင့်ဆက်တိုက် စစ်ကူပစ်ခတ်ခဲ့မှု ပြုလုပ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ရွှေအေးမြိုင်ကျေးရွာ၌ ဝေါ်လေဗျူဟာကုန်းစစ်ကောင်စီ စစ်ကြောင်းနှင့် ကော်သူးလေအာမီ-KTLA တပ်ဖွဲ့တို့မှ တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံ ၅၀၀ ကျော်ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။